နောက်ဆုံး ရေးသားချိန် 3 ဧပြီလ 2012 - 15:06 GMT

မြန်မာနိုင်ငံထဲကို ဒေါ်လာ ၁ သောင်းအထိ သယ်ခွင့်ရ

dollar

မြန်မာနိုင်ငံ မှာ ငွေကြေး လွတ်လပ်ခွင့်ကို စတင် ဖွင့်ပေး နေပါပြီ

မြန်မာနိုင်ငံကို ပြည်ပ ကနေ သွားရောက် လည်ပတ်မယ့် နိုင်ငံခြားသား တွေနဲ့ ပြည်ပမှာ အလုပ်လုပ် နေတဲ့ မြန်မာ ပြည်သား တွေကို အမေရိကန် ဒေါ်လာ ၁ သောင်း ဒါမှမဟုတ် အဲဒီ တန်ဖိုးနဲ့ ညီမျှတဲ့ နိုင်ငံခြား ငွေကို သယ်ဆောင် သွားခွင့်ပြု လိုက်ပြီ လို့ မြန်မာနိုင်ငံ ဗဟိုဘဏ်က တာဝန် ရှိသူ တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ဒေါ်လာ ၁ သောင်းနဲ့ အထက် ဆိုရင်တော့ အကောက်ခွန် ဌာနကို အသိပေး တင်ပြရမှာ ဖြစ်ပါတယ်။ အရင်တုန်း ကတော့ ဒေါ်လာ ၂ ထောင်ဘဲ သယ်ဆောင် သွားခွင့် ရှိပါတယ်။

ဒီလို လုပ်ဆောင် ရတာ ကလည်း မြန်မာ့ စီးပွားရေး တိုးတက် လာဖို့ နဲ့ ခရီးသွား လုပ်ငန်း တိုးတက် လာဖို့ အတွက် ဖြစ်တယ်လို့ ဗဟိုဘဏ်က တာဝန်ရှိသူက ပြောပါတယ်။

ခရီးသွား လုပ်ငန်းနဲ့ ပက်သက်ပြီး အီးဗီဇာ လို့ခေါ်တဲ့ နိုင်ငံခြားသားတွေ အတွက် ပြည်ဝင်ခွင့် ဗီဇာ ကိုလည်း အခုလ ၁ ရက်နေ့က စပြီး အွန်လိုင်းကနေ လျှောက်ခွင့် ပြုလိုက် ပြီလို့ ဟိုတယ်နဲ့ ခရီး သွားလာရေး ဝန်ကြီး ဌာနက ကြေညာ ထားပါတယ်။ လောလောဆယ် မှာတော့ ကမ္ဘောဒီးယား၊ လာအိုနဲ့ ဗီယက်နမ် နိုင်ငံသားတွေပဲ စတင် လျှောက်ခွင့် ရှိမှာ ဖြစ်ပါတယ်။

မြန်မာ နိုင်ငံ ခရီးသွား လုပ်ငန်း ရှင်များ အသင်း အတွင်းရေးမှူး ဦးတင်ထွန်းအောင် က ဒီ အွန်လိုင်း ဗီဇာ ကို အမြန်ဆုံး လုပ်နိုင်တဲ့ စံနစ် ဖြစ်တယ် လို့ပြောပါတယ်။

ဒါပေမယ့် လည်း တကယ်လျှောက်တဲ့ အခါ ၃ ရက်လောက် အထိကြာနိုင် တယ်လို့ပြောဆို နေကြတာနဲ့ပတ်သက်လို့တော့ လုံခြုံရေး အရ စစ်ဆေး စရာ ရှိတာကြောင့် လို့ယူဆ ရတယ် ဆိုပြီးပြောပါတယ်။

အခုအခါ ကမ္ဘာလှည့် ခရီးသည် တွေလည်း မြန်မာ နိုင်ငံ ကို အများအပြား လာရောက်နေ ကြပြီး၊ လွန်ခဲ့တဲ့ နှစ်တုန်းက ရန်ကုန် လေဆိပ် ကို ရောက်လာတဲ့ ခရီးသည် ၄ သိန်းလောက်ရှိတယ် လို့ ဦးတင်ထွန်းအောင်က ပြောပါတယ်။

အခုနှစ် မှာတော့ ၅ သိန်းကျော် ၆ သိန်းလောက် အထိခရီးသွားတွေ လာရောက် ကြလိမ့်မယ်လို့ ခန့်မှန်းရ ကြောင်း၊ ခုလို ခရီးသည်တွေ အလာများလို့ ဟိုတယ် တွေ မလုံမလောက်ဖြစ်လာ တာကြောင့် တည်းခိုခန်းခ ကို ၄ ဆလောက်အထိ စျေးမြင့် တင်လိုက်တာ တွေလည်း ရှိနေတယ်လို့ ဦးတင်ထွန်းအောင်က ပြော ပြခဲ့ပါတယ်။

BBC navigation

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။