ပိတ်ဆို့ မှု ရုပ်သိမ်းဖို့ ရည်ရွယ် မဲပေးတာလို့ ဒေါက်တာစိုးမင်းပြော

  • 3 ဧပြီ 2012
Dr Soe Min
Image caption ဒေါက်တာ စိုးမင်းကို ဦးမင်းထက်က တွေ့ဆုံ မေးမြန်းခဲ့

ဒီကြားဖြတ် ရွေးကောက်ပွဲ မှာ အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ်ကို ပြည်သူ တွေ မဲပေး လိုက်တာ ဟာ သူတို့တွေ အနေနဲ့ ပြောင်းလဲမှု လိုလား တဲ့အတွက် ကြောင့်ရယ်၊ စီးပွားရေး ပြဿနာတွေကို အဆင်ပြေချင်စေချင်တဲ့ဆန္ဒတွေကြောင့်သာ ဖြစ်တယ်လို့ ကော့မှူး မဲဆန္ဒနယ် မှာ ဒေါ်အောင်ဆန်းစုကြည်ကို ရှုံးနိမ့် သွားတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ ကိုယ်စားလှယ် လောင်း ဒေါက်တာ စိုးမင်းက ပြောပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

တိုင်းပြည် စီးပွားရေးအဆင်ပြေမှ ကျန်တဲ့ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးအပိုင်းတွေ ပြေလည်လာကြလိမ့်မယ်ဆိုတဲ့ ယူဆချက်နဲ့ မဲဆန္ဒရှင်တွေက မဲထည့်ကြတာဖြစ်တယ်၊ အဓိက ကတော့ ပိတ်ဆို့ အရေးယူမှုတွေ ရုပ်သိမ်းပေးဖို့ ရည်ရွယ်ပြီး မဲပေးကြတာဖြစ်တယ်လို့ ယူဆကြောင်း သူက ဆိုပါတယ်။

ကြံ့ခိုင်ဖွံဖြိုးရေးပါတီအနေနဲ့က နိုင်ငံတော် အချုပ်အခြာအာဏာတည်မြဲရေးကိုသာ ဦးတည်ကာကွယ်တယ်၊ ဒါကြောင့် လတ်တလောမှာ ပြည်သူလူထုရဲ့ လိုလားချက်နဲ့ ပါတီရဲ့ လိုလားချက်မှာ အနည်းငယ် ကွာဟာမှုတွေ ရှိကောင်းရှိနေနိုင်မယ်၊ အနာဂတ်မှာတော့ ပြည်သူနဲ့ ပါတီကြား အချိန်ယူ ညှိနှိုင်းလုပ်ဆောင်သွားမယ်လို့ ဒေါက်တာစိုးမင်းက ဘီဘီစီကို ပြောပါတယ်။

ပါတီရဲ့ ယူဆချက်အရ တိုင်းပြည်မှာ စီးပွားရေးအရ တခြားအင်အားကြီးနိုင်ငံတစ်ခုခုက လွမ်းမိုးမှုလုပ်လာရင် တိုင်းပြည် အချုပ်အခြာ အာဏာ ထိပါးလာနိုင်တဲ့အတွက် ပါတီအနေနဲ့ အခုလို အချုပ်အခြာအာဏာကို ဦးစားပေး ရတာဖြစ်တယ်လို့ သူက ဆိုပါတယ်။

အခုချိန်မှာ ပြည်သူလူထုတွေဟာ နိုင်ငံရေးအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မူဝါဒဘက်မှာ ရပ်တည်မယ်၊ နောင်တချိန်မှာ သူတို့လိုလားတဲ့ မူဝါဒ ဘောင်ကျော်လာရင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဘက်ကို ရပ်တည်မယ် ဆိုတဲ့ သူတွေလဲ ရှိနေပါသေးတယ်လို့ ဒေါက်တာစိုးမင်းက ပြောပါတယ်။

ဒေါက်တာစိုးမင်းဟာ ကော့မှူးမြို့နယ် မဲဆန္ဒနယ်မြေမှာ ဒေါ်အောင်ဆန်းစုကြည်ကို မဲ ၄ သောင်းကျော်နဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ သူဟာ ဒုဗိုလ်မှူးကြီး အဆင့် အထိ စစ်ဖက် ဆိုင်ရာ ဆရာ၀န် တာ၀န် ထမ်းဆောင်ခဲ့ ဘူးသူလည်းဖြစ်ပါတယ်။