ရွေးကောက်ပွဲ ရလဒ်အပေါ် နိုင်ငံတကာက တုန့်ပြန်

ဓာတ်ပုံ မူပိုင် AFP
Image caption ရွေးကောက်ပွဲ ရလဒ်ဟာ မြန်မာ့အနာဂါတ် အတွက် အရေးပါတယ်လို့ ဘန်ကီမွန်းပြော

မြန်မာနိုင်ငံမှာ တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲရဲ့ ရလဒ်တွေနဲ့ ပတ်သက်လို့ နိုင်ငံတကာက တုန့်ပြန် ချီးကျူးသံတွေ ထွက်ပေါ်လာခဲ့ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ဒီရွေးကောက်ပွဲရလဒ်ဟာ မြန်မာနိုင်ငံအတွက် ပိုကောင်းမွန်တဲ့ အနာဂါတ်ရေးကို ရှေ့ရှုတဲ့ ခြေလှမ်းတရပ် ဖြစ်တယ်လို့ ဖေါ်ညွှန်းပြောဆိုလိုက်ပြီး မဲမသမာမှုတွေ ရှိခဲ့တယ်ဆိုတဲ့ ပြောဆိုမှုတွေ ထွက်ပေါ်ခဲ့ပေမယ့်လည်း ဒီကြားဖြတ် ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံမှာ လုပ်ဆောင်နေတဲ့ ပြုပြင်ပြောင်းလဲမှုတွေအတွက် တွန်းအားတခု ဖြစ်တယ်၊ ငြိမ်းချမ်းပြီး ဒီမိုကရေစီကျတဲ့ အနာဂါတ်ရေးကို ရှေ့ရှုတဲ့ အရေးပါတဲ့ ခြေလှမ်းတရပ် ဖြစ်တယ် ဆိုတာကို အခိုင်အမာ ယုံကြည်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ ရုံးက ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဖေါ်ပြထားပါတယ်။

တခါ EU ဥရောပ သမဂ္ဂ ရဲ့ နိုင်ငံခြားရေးရာ ပေါ်လစီ အကြီးအကဲ Catherine Ashton ကလည်း ကြားဖြတ်ရွေးကောက်ပွဲ ရလဒ်နဲ့ ပတ်သက်လို့ မြန်မာ အစိုးရနဲ့ မြန်မာ ပြည်သူတွေ ကို ချီးကျူးဂုဏ်ပြုလိုက်ပြီး မြန်မာနိုင်ငံနဲ့ ဥရောပ သမဂ္ဂ အကြား ပူးပေါင်းဆောင်ရွက်တဲ့ ဆက်ဆံရေးသစ်တရပ် ထားရှိနိုင်ဖို့ မျှော်လင့်နေပါတယ်လို့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ဗြိတိန် အစိုးရကလည်း ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ချီးကျူးဂုဏ်ပြုခဲ့သလို ဦးသိန်းစိန် အစိုးရအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ရော NLD အပါအဝင် ဒီမိုကရေစီ အင်အားစုတွေနဲ့ပါ အတူ လက်တွဲပြီး တည်တံ့ခိုင်မြဲပြီး နောက်ကြောင်း ပြန်မလှည့်နိုင်တဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ဆက်လက်ဆောင်ရွက်သွားဖို့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး William Hague က တိုက်တွန်းလိုက်ပါတယ်။

အမေရိကန် အစိုးရကလည်း ဒီကြားဖြတ် ရွေးကောက်ပွဲရလဒ်ဟာ မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ အရေးပါတဲ့ ခြေလှမ်း တရပ်ဖြစ်တယ်လို့ ထုတ်ဖေါ် ချီးကျူးလိုက်ပြီး မြန်မာနိုင်ငံအနေနဲ့ ပွင့်လင်းမှုနဲ့ ပြုပြင်ပြောင်းလဲမှုတွေ ပိုရှိတဲ့ လမ်းကြောင်းပေါ် ဆက်သွား မယ်လို့ အမေရိကန် အစိုးရက မျှော်လင့်ပါကြောင်း အိမ်ဖြူတော် ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောပါတယ်။

တခါ ပြင်သစ် သမ္မတ နီကိုလက်စ် ဆာကိုဇီးကလည်း ကြားဖြတ်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် အခုလို အနိုင်ရခဲ့တာဟာ မြန်မာနိုင်ငံ ဒီမိုကရေစီရရေးအတွက် အောင်ပွဲတရပ်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ကျိုးစွန့် အနစ်နာခံခဲ့မှုတွေအတွက် အောင်ပွဲလို့ ဆိုနိုင်ကြောင်း ပြင်သစ်ပြည်သူတွေကိုယ်စား ဂုဏ်ပြုစကား ပြောသွားခဲ့ပါတယ်။