နောက်ဆုံး ရေးသားချိန် 4 ဧပြီလ 2012 - 01:47 GMT

မိုးညှင်းအချုပ်ထောင် ဖောက်ပြေးသူတွေ သေနတ်မှန်ပြီး သေဆုံး

မိုးညှင်းအချုပ်ခန်းမှာ လူမတန်တဆ ပြည့်ကျပ်နေ

ဧပြီ ၂ရက်နေ့ မနက် ၂နာရီက မိုးညှင်းမြို့နယ် ရဲစခန်းမှာရှိတဲ့ အမျိုးသား အချုပ်ခန်းက အကျဉ်းသားတွေ အချုပ်ခန်း ဖေါက်ပြေးတာ ကြောင့် အစောင့်ရဲတွေက သေနတ်နဲ့ ပစ်ခတ် ခဲ့ရာမှာ အကျဉ်းသား ၃ဦး သေဆုံးသွားပါတယ်။

နောက်အကျဉ်းသား ၁၀ဦးကိုတော့ ဆေးရုံတင် ထားရပါတယ်။

အချုပ်သားတွေက အချုပ်ခန်း သစ်သားတိုင် တွေကို ချိုးဖြတ်ပြီး ထွက်ပြေးဖို့ ကြိုးစားခဲ့တဲ့ အတွက် အစောင့်ရဲတွေက ပစ်ခတ် ဖမ်းဆီးခဲ့ရာမှာ အကျဉ်းသား ၂ဦး ပွဲချင်းပြီး သေဆုံးသွား ခဲ့ပြီး နောက်တဦးကတော့ ဆေးရုံအရောက်မှာ သေဆုံးသွားခဲ့တာလို့ မိုးညှင်း ဒေသခံတဦးက ဘီဘီစီကို ပြောပြပါတယ်။

ထွက်ပြေးလွတ်မြောက်သွားတဲ့ အကျဉ်းသား ရှိတယ်လို့တော့ မကြားမိဘူးလို့ ပြောပါတယ်။

အဲဒီအချုပ်ခန်းမှာ အချုပ်သားတွေ ကြပ်ညပ်နေပြီး ရာသီဥတုကလည်း ပူတာကြောင့် အခုလို အချုပ်ခန်း ဖေါက်ပြေးကြတာလို့ ကြားရကြောင်းနဲ့ အဲဒီ အချုပ်ခန်းထဲမှာ ထောင်မကျသေးသူ တွေ၊ တရားရင်ဆိုင်နေသူတွေ အပါအဝင် စုစုပေါင်း လူ ၇၀လောက်ရှိတယ်လို့ သိရကြောင်း အဲဒီ ဒေသခံက ပြောပြပါတယ်။

မိုးညှင်း ရဲစခန်းမှာ အချုပ်သား ၁၅၀ ကျော် ချုပ်နှောင်ထားတယ်လို့သိရပါတယ်။

အခုဖြစ်ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်လို့ ခရိုင်အဆင့်က တာဝန်ရှိသူတွေ စစ်ဆေးနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

BBC navigation

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။