မြန်မာအပေါ်ပိတ်ဆို့မှုတွေရုပ်သိမ်းဖို့ အာဆီယံတောင်းဆို

  • 4 ဧပြီ 2012
အာဆီယံထိပ်သီးအစည်းအဝေးမှ ခေါင်းဆောင်များ ဓာတ်ပုံ မူပိုင် Reuters
Image caption အာဆီယံထိပ်သီးအစည်းအဝေးမှ ခေါင်းဆောင်များ

အာဆီယံအဖွဲ့ ဝင်နိုင်ငံများမှ ခေါင်းဆောင်တွေက မြန်နိုင်ငံရဲ့ ဒီမိုကရေစီအပြောင်းအလဲတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ အနောက်နိုင်ငံတွေရဲ့ အရေးယူပိတ်ဆို့မှုတွေကို ရုတ်သိမ်းပေးဖို့ မေတ္တာရပ်ခံလိုက်ပါတယ်။ ကမ္ဘောဒီးယားနိုင်ငံမှာပြုလုပ်တဲ့ အာဆီယံထိပ်သီးစည်းဝေးပွဲ နောက်ဆုံးနေ့ ကြေညာချက်ထဲမှာ အခုလို ဖေါ်ပြတောင်းဆိုလိုက်တာဖြစ်ပါတယ်။

မကြာမီက လုပ်ခဲ့တဲ့ လွတ်လပ်မျှတတဲ့ရွေးကောက်ပွဲတွေကြောင့် ပိတ်ဆို့အရေးယူမှုတွေကို သက်ဆိုင်ရာနိုင်ငံတွေကရုပ်သိမ်းပေးဖို့ အဖွဲ့အနေနဲ့တောင်းဆိုပါတယ်။ ပထမအဆင့်အနေနဲ့ ဗြိတိန်ဝန်ကြီးချုပ်မလေးရှားကို လာရောက်မယ့် ခရီးစဉ်အတွင်း ဒီကိစ္စကိုတောင်းဆိုဆွေးနွေးမှာဖြစ်တယ်လို့ အိမ်ရှင်ဖြစ်တဲ့ ကမ္ဘောဒီယား ဝန်ကြီးချုပ်ဟွန်ဆန်က ခမာဘာသာနဲ့ပြောသွားတာဖြစ်ပါတယ်။

တနင်္ဂနွေနေ့ ကပြုလုပ်တဲ့ ကြားဖြတ် ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ကအမတ်၄၃နေရာမှာ အပြတ်အသတ် အနိုင်ရရှိပြီးတဲ့နောက် အခု တောင်းဆိုချက် ထွက်လာတာဖြစ်ပါတယ်။ ဥရောပသမဂ္ဂဘက်ကတော့ မြန်မာနိုင်ငံအပေါ်အရေးယူမှုတွေကို ပြန်လည်သုံးသပ်ဖို့ ဧပြီလနောက်ဆုံးပတ်မှာ လပ်ဇင်ဘတ် မြို့မှာ လုပ်မယ့် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ ဆွေးနွေးကြမယ်လို့ပြောပါတယ်။

NLDပါတီရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဉီးဉာဏ်ဝင်းကတော့ ဆန်ရှင်ချထားရတဲ့ အကြောင်းအရာတွေ ပြီးပြည့်စုံပြီလားဆိုတာ ထည့်သွင်းစဉ်းစားကြဖို့နဲ့ ချမှတ်တဲ့နိုင်ငံတွေရဲ့ဆုံးဖြတ်ချက်ကအဓိကကျကြောင်း ဘီဘီစီကိုပြောပါတယ်။