ဒဏ်ခတ် ပိတ်ဆို့မှု ကန်ပြန်ရုပ်

  • 5 ဧပြီ 2012
clinton ဓာတ်ပုံ မူပိုင် AP
Image caption မြန်မာ ဒဏ်ခပ် ပိတ်ဆို့မှုတွေ ကန် ရုပ်သိမ်း

မြန်မာအစိုးရကို ဒဏ်ခတ်ပိတ်ဆို့ထားမှု တချို့ ကို အမေရိကန် အစိုးရက ရုပ်သိမ်း ပေးလိုက်ပါပြီ။

ကျန်ရှိနေသေးတဲ့ ပိတ်ဆို့မှုတွေကိုလည်း မြန်မာ အစိုးရရဲ့ လုပ်ဆောင်ပုံတွေကို ကြည့်ပြီး တဆင့် ချင်း ရုပ်သိမ်းပေးသွားဖို့ ရှိတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဟီလာရီ ကလင်တန်က ကြေ ညာသွားပါတယ်။

မြန်မာနိုင်ငံထဲက ပြုပြင်ပြောင်းလဲမှု ခြေလှမ်း တွေကို ဆက်စောင့်ကြည့်နေမှာ ဖြစ်ပြီး အထဲမှာ ကျန်နေတဲ့ နိုင်ငံရေး အကျဉ်းသား အားလုံး ပြန်လွတ်လာရေး၊ လက်ရှိ ပြန်လွတ်လာတဲ့ နိုင်ငံရေး အကျဉ်းသားတွေရဲ့ ကျန်ရှိနေသေးတဲ့ ထောင်ဒဏ်တွေကို ပယ်ဖျက်ပေးဖို့ အပါအဝင် တခြား လူ့အခွင့်အရေး ကိစ္စရပ်တွေမှာ တိုး တက်မှု ရှိမရှိကို စောင့်ကြည့်နေမှာ ဖြစ်တယ်လို့ ပြောပါတယ်။

နောက်တခါ အထဲမှာ စီဗီးလ ဆိုဆိုင်ယက်တီ ခေါ်တဲ့ လူမှု အဖွဲ့အစည်းတွေ ပေါ်လာဖို့ကို တွန်းအားပေးမှာ ဖြစ်သလို မြန်မာ အစိုးရနဲ့ မြောက်ကိုရီးယား အစိုးရတို့ စစ်ဘက် ဆက် ဆံရေး ဖြတ်ဖို့ကို ဆက်လက် တွန်းအား ပေးသွားမယ်လို့ ဟီလာရီ ကလင်တန်က ကြေ ညာသွားပါတယ်။

ဒဏ်ခပ် ပိတ်ဆို့မှု အတော်များများကို ပြန်ရုပ်သိမ်းလိုက်ပြီ ဆိုပေမယ့် ခု သမိုင်းဝင် ပြုပြင် ပြောင်းလဲရေး ကြိုးပမ်းမှုတွေမှာ သူ့အခေါ် မှားယွင်းတဲ့ ဘက်ကို ရောက်နေတဲ့ လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေကိုတော့ ဒဏ်ခပ် ပိတ်ဆို့မှုတွေ ဆက်ထားထားမယ်လို့ ဟီလာရီ ကလင်တန် က ပြောသွားပါတယ်။

ကလင်တန် ကြေညာတဲ့ အချက် ငါးချက်

အမေရိကန်နဲ့ မြန်မာ အစိုးရတို့ ဆက်ဆံရေး အဆင့် တိုးမြှင့်မှုရဲ့ တစိတ် တဒေသ အဖြစ် ဒဏ်ခပ် ပိတ်ဆို့မှု တချို့ကို ဖယ်ရှားပေးခဲ့တာ ဖြစ်ပြီး မနေ့က ဟီလာရီ ကလင်တန် ကြေညာသွားတဲ့ မြန်မာ နိုင်ငံနဲ့ ပတ်သက်တဲ့ အမေရိကန် အစိုးရရဲ့ ပေါ်လစီသစ်မှာ ခုပြောမယ့် အချက်တွေ ပါဝင်ပါတယ်။

ပထမတချက် အနေနဲ့ မြန်မာ နိုင်ငံမှာ အမေရိကန် သံအမတ် ထားရှိဖို့ ကိစ္စ သဘောတူညီမှု ရယူမှာ ဖြစ်ပြီး သဘောတူညီမှု ရပြီး ရက်ပိုင်း အတွင်းမှာ အမေရိကန် သံအမတ် အဖြစ် ဘယ်သူ့ကို ခန့်မလဲဆိုတာ ကြေညာမယ်။

ဒုတိယ တချက် အနေနဲ့ မြန်မာ နိုင်ငံထဲမှာ အမေရိကန်က ပြည်ပ ဖွံ့ဖြိုးရေး အထောက်အပံ့ ပေးတဲ့ USAID ရုံး ဖွင့်လှစ်ဖို့၊ တတိယ တချက် အနေနဲ့ အမေရိကန် နိုင်ငံထဲက ပုဂ္ဂလိက အဖွဲ့အစည်းတွေကို မြန်မာ နိုင်ငံထဲက ဒီမိုကရေစီ တည်ဆောက်ရေးကနေ ကျန်းမာရေး၊ ပညာရေးလို ကဏ္ဍတွေမှာ ဝင်ရောက် လုပ်ဆောင်ပေးနိုင်အောင် ကူညီထောက်ပံ့ဖို့ စတုထ္ထ တချက် အနေနဲ့ မြန်မာ နိုင်ငံထဲက အမေရိကန် သဘောတူတဲ့ လွှတ်တော် အမတ်တွေနဲ့ အစိုးရ အဖွဲ့ဝင်တွေကို အမေရိကန် နိုင်ငံကို သွားလာနိုင်အောင် စီစဉ် လုပ်ဆောင်ပေးမှာ ဖြစ်ပြီး နောက်ဆုံး ပဉ္စမ အချက်အနေနဲ့ အစောပိုင်းက မြန်မာ နိုင်ငံက ကုန်ပစ္စည်း တင်ပို့မှု ပိတ်ပင်ထားမှုကို တဖြည်းဖြည်းချင်း ပြန်ဖွင့်ပေးဖို့ နဲ့ အမေရိကန်က ဘဏ္ဍာရေးနဲ့ ရင်းနှီး မြှတ်နှံမှု လုပ်ငန်းတွေ မြန်မာ နိုင်ငံထဲ ရင်းနှီး မြှုတ်နှံမှုတွေ ပိတ်ပင်ထားတာ ရုပ်သိမ်းပေးရေးတွေ ပါဝင်ပါတယ်။

ဒါပေမယ့် တချို့ ဒဏ်ခပ် ပိတ်ဆို့မှုတွေ တော့ ဆက်လက် ထားရှိမှာ ဖြစ်ပြီး ဒီထဲမှာ မြန်မာ နိုင်ငံက ကျောက်မျက် တင်ပို့မှုကိုတော့ ဆက်ပိတ်ပင်ထားအုံးမယ်လို့ သတင်း ရရှိပါတယ်။

တကယ်တော့ ဧပြီ ကြားဖြတ် ရွေးကောက်ပွဲမှာ အန်အယ်ဒီ အမတ်နေရာ အပြည့်နီးပါး ဝင်ပြိုင်ပြီး ဝင်ပြိုင်တဲ့ နေရာ အားလုံးနီးပါး အနိုင်ရပြီးနောက်မှာ နိုင်ငံတကာက ဒဏ်ခပ် ပိတ်ဆို့မှုတွေကို အနှေးနဲ့ အမြန် ရုပ်သိမ်းတော့မယ်လို့ မြန်မာ့ အရေး လေ့လာ သုံးသပ်သူ အားလုံးနီးပါးက ခန့်မှန်းထားကြတာ ဖြစ်ပါတယ်။

မြန်မာ နိုင်ငံက ဖြစ်ပေါ် တိုးတက် ပြောင်းလဲမှုတွေကို အမေရိကန်အစိုးရက အပြည့်အဝ အသိ အမှတ်ပြု လက်ခံ ကြိုဆိုတယ်လို့ ဟီလာရီ ကလင်တန်က ပြောပါတယ်။

ဒါ့အပြင် မြန်မာ အစိုးရ ခေါင်းဆောင်တွေဟာ တိုင်းပြည်ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး တကယ် နားလည် သဘောပေါက်မှု ရှိတာကို ပြသခဲ့သလို နောင်လည်း ဆက်လက် နားလည်သဘော ပေါက်နေမယ်လို့ မျှော်လင်ကြောင်း ဟီလာရီ ကလင်တန်က ပြောခဲ့ပါတယ်။