ရှမ်းလူထုက ပါတီကို အဓိက ရွေးတာလို့ ကျားဖြူ ကဆို

  • 4 ဧပြီ 2012
စိုင်းစံမင်း ဓာတ်ပုံ မူပိုင် kawlimedia
Image caption ကျားဖြူကိုယ်စားလှယ် စိုင်းစံမင်း

ဧပြီ ၁ ရက်နေ့ ကြားဖြတ် ရွေးကောက်ပွဲ မှာ ရှမ်းပြည် မြောက်ပိုင်း အမျိုးသားလွတ်တော် အမှတ် (၃) မဲဆန္ဒနယ်မှာ ကျားဖြူပါတီ (ခေါ်) ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ (SNDP) အနိုင်ရ သွားတာဟာ မဲဆန္ဒရှင်တွေက လူပုဂ္ဂိုလ်ထက် ပါတီကို ဦးစားပေး ရွေးကြတာ ကြောင့်လို့ ယူဆကြောင်း အန်အယ်ဒီ ကိုယ်စားလှယ်လောင်း စိုင်းမြင့်မောင်ကို အနိုင်ရသွားတဲ့ ကျားဖြူကိုယ်စားလှယ် စိုင်းစံမင်းက ပြောပါတယ်။

ရှမ်းပြည်မှာ ရှမ်းပါတီ ၁ ခုထဲပဲရှိလို့ ရှမ်းပါတီကို မဲပေးကြတာဖြစ်နိုင်တယ်လို့ စိုင်းစံမင်းက ဘီဘီစီကို ပြောပါတယ်။

ရှုံးနိမ့် သွားတဲ့ အန်အယ်ဒီ ကိုယ်စားလှယ် စိုင်းမြင့်မောင် ဟာ သူ့ရဲ့ ဆရာရင်း တစ်ယောက် ဖြစ်သလို သူ့ကိုလည်း ပြိုင်ဘက်လို သဘော ထားပြီး ပြိုင်ဆိုင် ခဲ့တာ မဟုတ်ဘူးလို့ စိုင်းစံမင်း က ပြောပါတယ်။

ဓာတ်ပုံ မူပိုင် kawlimedia
Image caption အန်အယ်ဒီကိုယ်စားလှယ်လောင်း စိုင်းမြင့်မောင်

ပါတီ စည်းရုံးရေး လုပ်တဲ့အခါမှာလည်း ပြည်သူလူထုတွေ ကြုံတွေ့နေရတဲ့ လယ်ယာသိမ်းဆည်း ခံရမှုကိစ္စကို ကူညီဖြေရှင်း ဆောင်ရွက်ပေးသွား မယ်ဆိုပြီး သူ့ရဲ့ ပါတီစည်းရုံးရေး ဟောပြောတွေမှာ ကတိပေးစည်းရုံး ခဲ့တယ်လို့ စိုင်းစံမင်းက ပြောပါတယ်။

အခု အချိန်မှာတော့ လွှတ်တော်နဲ့ ပတ်သက်တဲ့ လေ့လာမှုတွေကို လုပ်ရဦးမှာမို့ မဲဆွယ်ခဲ့စဉ် တုန်းက ပေးထားတဲ့ ကတိတွေကို ချက်ချင်း ဆောင်ရွက် ပေးနိုင်ဦးမှာ မဟုတ်သေး တာကို နားလည်ပေးဖို့ စိုင်းစံမင်းက ပြောပါတယ်။

ကျားဖြူ ပါတီဟာ အန်အယ်ဒီ ကို မဲ ၁၆၀၀ ထောင်ကျော် နဲ့ အနိုင် ရတာဖြစ်ပါတယ်။ ဒါကလဲ မြို့ပေါ်က မဲဆန္ဒ ရှင်တွေရဲ့ ထောက်ခံမှု ထက် ကျေးလက်ဒေသ ဆန္ဒမဲတွေကြောင့်သာ အနိုင်ရတာ ဖြစ်တယ်၊ လားရှိုးမြို့မှာ ဆိုရင်တော့ ကျားဖြူပါတီဟာ အန်အယ်ဒီပါတီကို ပြတ်ပြတ်သားသား ရှုံးနိမ့် ခဲ့ တယ် လို့ စိုင်းစံမင်းက ဘီဘီစီကို ပြောပြခဲ့ ပါတယ်။