ကြံ့ခိုင်ရေးပါတီ ရှုံးနိမ့်ခဲ့တဲ့ အပေါ်မှာသုံးသပ်

  • 4 ဧပြီ 2012
ဦးဌေးဦး ဓာတ်ပုံ မူပိုင် AP
Image caption ကြံ့ခိုင်ရေးပါတီ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦး

ကြားဖြတ်ရွေးကောက်ပွဲ ၄၅ နေရာမှာ ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ က ၁ နေရာပဲ ရလို့ အရှုံးကြီး ရှုံးခဲ့တဲ့ အပေါ် အဲဒီ ပါတီ ခေါင်းဆောင်တွေက ပြန်လည် သုံးသပ်ရာမှာ ပါတီရဲ့ လမ်းစဉ်ကြောင့်၊ ဒါမှမဟုတ် ပါတီ ကိုယ်စားလှယ် တစ်ဦးချင်း ရဲ့ အားနည်း ချက် ကြောင့် စတဲ့ အချက်တွေ အပါအဝင် အချက် ၄ ချက်အပေါ် သုံးသပ် ဆွေးနွေးခဲ့ ကြတယ်လို့ ပါတီအထွေထွေ အတွင်းရေးမှူး ဦးဌေးဦးက ဘီဘီစီကို ပြောပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့မှာ ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီ ခေါင်းဆောင်တွေ နေပြည်တော်မှာ ဆွေးနွေး သုံးသပ်ခဲ့ကြတာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲ မှာ ရှုံးနိမ့်ခဲ့ရတာဟာ ပါတီရဲ့ မူဝါဒ လမ်းစဉ် အားနည်းမှုလား၊ ပြီးတော့ လွှတ်တော် ကိုယ်စားလှယ်လောင်း ရဲ့ ပင်ကိုယ် အရည်အချင်းအပါအဝင် လူထု အကျိုးပြု လုပ်ငန်းတွေကို ထိရောက်အောင် မလုပ်နိုင်ခဲ့ တာလား၊ ပါတီ မဲဆွယ်စည်းရုံးမှုတွေ အားနည်းချက်ရှိလို့လား၊ နောက်တချက်က ပါတီ မသိနိုင်၊ လက်လှမ်းမမှီ လိုက် နိုင်တဲ့ အကြောင်းအချက်တွေ ကြောင့်လား စတဲ့ ခေါင်းစဉ်တွေ အောက်မှာ ပြန်လည် သုံးသပ် နေပါတယ်။

အနာဂတ် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့လည်း ကြံ့ခိုင်ဖွံ့ဖြိုး ရေးပါတီ အနေနဲ့ သုံးသပ်ခဲ့တဲ့ အချက် ၄ ချက်ကို အခြေခံပြီး ပါတီစုံ ဒီမိုကရေစီ စံနစ်ကို ဆက်ပြီး လျှောက်လှမ်းမှာ ဖြစ်တယ်လို့ လည်း ဦးဌေးဦးက ပြောပါတယ်။

အခုကြားဖြတ်ရွေးကောက်ပွဲမှာ အရှုံးကြီး ရှုံးနိမ့်သွားတာကို ပါတီအနေနဲ့ အရမ်း အံ့သြ မိပေမယ့် စိုးရိမ် ကြောင့်ကြ မှု တော့ မရှိဘူးလို့ သူက ဆိုပါတယ်။

တိုင်းပြည် ဖွံ့ဖြိုး တိုးတက်ဖို့ဆိုရင် ဘယ်ပါတီနဲ့ မဆို လက်တွဲ ပူးပေါင်း ဆောင်ရွက် သွားမယ် ဆိုတဲ့ သဘောထားမျိုး ပါတီ ခေါင်းဆောင် အားလုံးက ရှိတယ် ဆိုတာ ကိုလည်း ဦးဌေးဦးက ဘီဘီစီကို ပြောပါတယ်။