ရခိုင်ပြည် လွတ်မြောက်ရေးပါတီနဲ့ အစိုးရ ငြိမ်းချမ်းရေး သဘောတူ

  • 5 ဧပြီ 2012
Image caption ALP ပါတီနဲ့ ပြည်နယ် ငြိမ်းချမ်းရေး အဖွဲ့တို့ စစ်တွေမြို့မှာ တွေ့ဆုံခဲ့

ALP ရခိုင်ပြည် လွတ်မြောက်ရေး ပါတီနဲ့ ရခိုင်ပြည်နယ် အစိုးရကြား ပဏာမ ငြိမ်းချမ်းရေး သဘောတူညီချက် ၅ချက်ကို ကြာသပတေးနေ့က သဘောတူ လက်မှတ် ရေးထိုးနိုင်ခဲ့ပါတယ်။

နှစ်ဘက်အကြား ဒီလို ငြိမ်းချမ်းရေး သဘောတူမှု ရတာ ဒါဟာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

ပဏာမ ငြိမ်းချမ်းရေး သဘောတူချက်ပါ အချက် ၅ချက်က အစိုးရနဲ့ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီအကြား ၂၀၁၂ ခုနှစ် ဧပြီလ ၆ရက်နေ့က စပြီး အပစ်အခတ် ရပ်စဲထားရန်၊ အပြန်အလှန် ဆွေးနွေး ညှိနှိုင်းဖို့ ဆက်ဆံရေးရုံးတွေ ဖွင့်လှစ် ထားရှိရန်၊ အပစ်ရပ် ကာလအတွင်း နှစ်ဘက် သဘောတူထားတဲ့ နေရာများမှ အပ နယ်မြေ ကျော်လွန်ပြီး လက်နက်ကိုင်ဆောင် သွားလာမှု တွေကို နှစ်ဘက်ကြိုတင် ညှိနှိုင်းပြီးမှ ဆောင်ရွက်ရန်၊ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီဝင်တွေကို မြန်မာနိုင်ငံ တနိုင်ငံလုံးမှာ လွတ်လွတ်လပ်လပ် ခရီးသွားလာခွင့် ပြုရန်နဲ့ နှစ်ဦးနှစ်ဘက် ငြိမ်းချမ်းရေး ဆက်လက်ဆွေးနွေးသွားရန် စတဲ့ အချက်တွေ ဖြစ်တယ်လို့ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ ငြိမ်းချမ်းရေး အဖွဲ့ ဒုတိယခေါင်းဆောင် ခိုင်သုခက ဘီဘီစီကို ပြောပါတယ်။

ဒီတွေ့ဆုံ ဆွေးနွေးပွဲကို ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးလှမောင်တင် ကိုယ်တိုင် တက်ရောက် ဆွေးနွေးခဲ့ပြီး ရခိုင်ပြည်နယ် နယ်စပ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်း အပါအဝင် အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်တွေ တက်ရောက်ခဲ့ပြီး ရခိုင်ပြည် လွတ်မြောက် ရေး ပါတီဖက်ကတော့ ပါတီဥက္ကဌ ဦးခိုင်စိုးနိုင်အောင် ဦးဆောင်တဲ့ အဖွဲ့ဝင် ၁၈ဦး တက်ရောက်ခဲ့ပါတယ်။

စစ်တွေမြို့ကို ဗုဒ္ဓဟူးနေ့က ရောက်ရှိလာတဲ့ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီဝင်တွေကို စစ်တွေ မြို့ခံ သိန်းနဲ့ချီ ကြိုဆိုခဲ့ကြတယ်လို့ သိရပါတယ်။