မြန်မာအစိုးရ ဘက်က တုံ့ပြန်မှု

  • 5 ဧပြီ 2012

မြန်မာနိုင်ငံအပေါ် အမေရိကန်ရဲ့ ဒဏ်ခတ် ပိတ်ဆို့မှု တချို့ ပြန်ရုပ်သိမ်း လိုက်တာဟာ မြန်မာနိုင်ငံ စီးပွားရေး တိုးတက်လာဖို့ အလား အလာ ကောင်းဖြစ်တယ်လို့ သမ္မတ ဦးသိန်းစိန်က ပြောဆို လိုက် ပါတယ်။

ဓာတ်ပုံ မူပိုင် AP
Image caption သမ္မတ ဦးသိန်းစိန်က ပိတ်ဆို့ အရေးယူမှု ရုပ်သိမ်း တာကို ကြိုဆို

ကမ္ဘောဒီးယား နိုင်ငံ ဖနွမ်းပင် မြို့တော်မှာ ကျင်းပနေတဲ့ အာဆီယံ ထိပ်သီး ဆွေးနွေးပွဲမှာ သမ္မတ ဦးသိန်းစိန် က အခုလို ပြောသွား တာပါ။

မြန်မာ နိုင်ငံ အစိုးရ ဘက်ကလည်း သူတို့ အပေါ် ပိတ်ဆို့ အရေးယူ ထားတာ တွေကို ရုပ်သိမ်း ပေးဖို့ တစိုက် မတ်မတ် တောင်းဆိုခဲ့ ပါတယ်။

အခု ဖယ်ရှား ပေးမှုတွေ ထဲမှာ သံတမန် ဆက်ဆံရေး ပြန်လည် အဆင့် မြှင့်လိုက်တာ၊ နိုင်ငံ ဖွံ့ဖြိုးရေး အကူအညီတွေ ပေးတာ အပြင်၊ ဘဏ္ဍာရေးနဲ့ ရင်းနှီး မြှုပ်နှံမှု တွေကို ပြန်လည် ဖွင့့််ပေး လိုက်တာ စတဲ့ အချက် ငါးချက် ပါဝင် ပါတယ်။

အဲဒီ လျှော့ပေါ့ ပေးမှု တွေဟာ မြန်မာ အစိုးရ ဘက်က လိုလားချက်တွေနဲ့ သိပ်မကွာ လှဘူးလို့ ပြည်ထောင်စု အဆင့် ဝန်ကြီး ဖြစ်တဲ့ စက်မှု ဝန်ကြီး ဦးစိုးသိန်းက ပြောပါတယ်။

အမေရိကန်က ဘဏ္ဍာရေး ကဏ္ဍ ပိတ်ဆို့ ထား ခဲ့တဲ့ အတွက် အစိုးရ အနေနဲ့ လုပ်ကိုင်ရတာ အကန့် အသတ်တွေ ရှိနေခဲ့ပြီး အခု လျှော့ပေါ့ ပေးလိုက် တော့ ပြည်ပ ရင်းနှီး မြှုပ်နှံမှု တွေလည်း ဝင်လာ စရာ ရှိတယ်လို့ သူက ပြောပါတယ်။

ပြည်ပ အကူအညီတွေ မြန်မာ နိုင်ငံတွင်းကို ဝင်ရောက် လာရင် အကူအညီတွေနဲ့ အတူ နိုင်ငံရေး သြဇာတွေလည်း လွှမ်းလာနိုင်တယ်လို့ လက်ရှိအာဏာရ ပါတီ ဝင်တချို့က စိုးရိမ်စိတ်တွေ ရှိကြောင်း ထုတ်ဖော် ပြောကြ ပေမဲ့ ဝန်ကြီး ဦးစိုးသိန်း ကတော့ ပြည်ပက အကူအညီတွေ ဟာ နိုင်ငံ အတွက် အထောက်အကူ ဖြစ်တယ်၊ လုပ်ငန်းပိုင်းကိုတော့ သူတို့ အစိုးရပိုင်းကသာ ဦးစီး ဦးဆောင် လုပ်မှာ ဖြစ်တယ်လို့ ပြောပါတယ်။

မြန်မာ နိုင်ငံ မှာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတာဟာ ကိုယ့်နိုင်ငံက ပြည်သူတွေ ကောင်းကျိုး အတွက် လုပ်ဆောင်နေတာသာ ဖြစ်ပြီး ပြည်ပက ပိတ်ဆို့ အရေးယူမှု တွေကို ဖယ်ရှား စေရေး အတွက် ရည်ရွယ် လုပ်ဆောင်တာ မဟုတ်ဘူးလို့ ပြည်ထောင်စု ဝန်ကြီး ဖြစ်တဲ့ စက်မှု ဝန်ကြီး ဦးစိုးသိန်းက ပြောပါတယ်။