ရွှေညဝါဆရာတော် နိုင်ငံ့အခြေအနေမိန့်ကြား

  • 6 ဧပြီ 2012
sayadaw ဓာတ်ပုံ မူပိုင် Reuters
Image caption ရွှေညဝါ ဆရာတော်

မြန်မာနိုင်ငံမှာ နိုင်ငံရေးတရား ဟောပြော တယ်ဆိုပြီး တပြည်လုံး တရား ဟောခွင့် ပိတ်ပင် ခံရတဲ့အပြင် ကြည့်မြင်တိုင် သာဓုပရိယတ္တိ စာသင်တိုက်ကနေ အနှင်ထုတ်ခံရတဲ့ သံဃာ့ လှုပ်ရှားမှု ခေါင်းဆောင် တပါးဖြစ်တဲ့ ရွှေညဝါဆရာတော် ဉီးပညာသီဟ ကို မှော်ဘီရှိ လက်ရှိ သီတင်းသုံးနေတဲ့ နေရာကို ဘီဘီစီ သတင်းထောက် Mike Thomson က လတ်တလော မြန်မာ့ နိုင်ငံရေး အခြေအနေကို သွားရောက်တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။

ဘီဘီစီ ရေဒီယို ၄ ( BBC Radio 4 ) အစီအစဉ်က ထုတ်လွှင့်ချက်ကို မြန်မာ သောတရှင် ပရိဿတ်တွေ အတွက် ကောက်နှုတ်တင်ပြလိုက်ပါတယ်။

ပထမဆုံး ၂၀၀၇နှစ်တုန်းက သံဃာတွေ တောင်းဆိုမှုတွေကို မလိုက်လျောဘဲ အခုကျမှ လူတွေ လမ်းပေါ် မထွက်ဘဲ မြန်မာနိုင်ငံမှာ အစိုးရက နိုင်ငံရေးအပြောင်းအလဲတွေ ဘာရည်ရွယ်ချက် နဲ့ လုပ်တာလဲ လို့ Mike Thomson က စ မေးရာမှာ ဆရာတော်က မြန်မာ အစိုးရ အပေါ်မှာ နိုင်ငံတကာ ဖိအားတွေ တစထက်တစ များနေလို့ မြန်မာနိုင်ငံဟာ အထီးကျန် တကောင်ကြွက် ဆန်လာပုံ၊ စီးပွားရေး အရလည်း ချွတ်ခြုံကျ ပြီး၊ လူတစု ပဲ ကောင်းစားနေတာတွေ၊ အများစု ကတော့ နုံချာတဲ့ ဘဝမှာ ခေါင်းပင် မဖေါ်နိုင်တာ ကို ကမ္ဘာ က သိလာတဲ့ အကြောင်း ဆရာတော်က မိန့်ပါတယ်။

အမေရိကန် ပြည်ထောင်စု က ဖိအား၊ ဉရောပ သမဂ္ဂ မှ ပိတ်ဆို့မှု စတာတွေ ကြောင့် နောက်ဆုံးမှာ မြန်မာ အစိုးရ ဟာ ချောင်ပိတ်မိ လာတဲ့ အတွက် အလျှော့ပေးလာတဲ့ အကြောင်း ဆရာတော် က ရှင်းပြ ပါတယ်။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး၊ ဗြိတိသျှ နိုင်ငံခြားရေး ဝန်ကြီး တို့ မြန်မာနိုင်ငံလာရောက် ကြစဉ်က အပြုသဘောဆောင်တဲ့ လက္ခဏာ တွေ တွေ့လာရပြီလို့ ဆိုကြပေမယ့် ကချင် တပ်နဲ့ အစိုးရ တပ် ပစ်ခတ်နေမှုဟာ ငြိမ်းချမ်းရေး နဲ့ ဖီလာ ဖြစ်နေတယ် လို့ ဆရာတော် က မိန့်ပါတယ်။

လက်ရှိ အနေအထား အရ ဒီမိုကရေစီ လမ်းကြောင်း သွားနေတယ် ဆိုပေမယ့်၊ နှေးကွေး နေတဲ့ အကြောင်း၊ အရပ်သား အစိုးရ တက်လာတယ် ဆိုပေမယ့် အတိတ်က သြဇာ အာဏာ ကို ချုပ်ကိုင်ဆဲ ဖြစ်တဲ့အတွက် အပြောင်းအလဲ ဘက် ဉီးမတည် နိုင်သေးဘူး လို့ ဆရာတော် ကဘီဘီစီ သတင်းထောက် Mike Thomson ကို မိန့်ခဲ့ပါတယ်။