ပိတ်ဆို့ မှု ချက်ချင်း မရုပ်သိမ်းသင့်သေးလို့ HRW ကဆို

  • 6 ဧပြီ 2012
စူနိုက် ဖာစုပ် ဓာတ်ပုံ မူပိုင် Human Right Watch
Image caption လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က သုတေသနမှူး စူနိုက်ဖာစုပ်

အမေရိကန် ပြည်ထောင်စု အနေနဲ့ မြန်မာအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှု တွေကို လျှော့ပေါ့ ပေးဖို့ စောလွန်းသေးတယ်လို့ Human Rights Watch လူ့အခွင့်အရေး လေ့လာ စောင့်ကြည့်ရေး အဖွဲ့က ပြောလိုက်ပါတယ်။

ကြားဖြတ် ရွေးကောက်ပွဲကို ကြိုဆိုတဲ့ အနေနဲ့ အမေရိကန် ပြည်ထောင်စုက မြန်မာအပေါ် ထားရှိတဲ့ ဗီဇာ ကန့်သတ်ချက်၊ ငွေကြေး ထိန်းချုပ်မှု စတဲ့ ပိတ်ဆို့ အရေးယူမှု တချို့ ရုပ်သိမ်းပေးမယ်ဆိုတဲ့ အပေၚကို လူ့အခွင့်အရေး လေ့လာ စောင့်ကြည့်ရေး အဖွဲ့က တုံ့ပြန် ပြောဆိုတာဖြစ်ပါတယ်။

လွတ်တော်ထဲ ရောက်မဲ့ အနိုင်ရ အန်အယ်ဒီ အမတ်အရေအတွက်ဟာ ၇ ရာခိုင်နူန်း လောက်ပဲရှိတယ်၊ အစိုးရက ဘာလုပ်မယ် ဘယ်လို ပေါ်လစီ ထားမယ် ဆိုတာတောင် မေးခွန်းထုတ်နိုင်တဲ့ အင်အားမရှိဘူးလို့ လူ့အခွင့်အရေး လေ့လာ စောင့်ကြည့်ရေး အဖွဲ့က သုတေသနမှူး စူနိုက်ဖာစုပ် က ထောက်ပြပြောဆိုပါတယ်။

ပါလီမန်မှာ အတိုက်အခံအင်အားစု တွေ ပါလာတာ မှန်ပေမဲ့ အခုချိန်ထိ စစ်တပ်က လွမ်းမိုးနေတာကို တွေ့နေရတုန်း ဖြစ်တယ်။ ဒီတော့ မြန်မာ့နိုင်ငံရေး တကယ့်ကို သိသိသာသာ ပြောင်းသွားပြီလို့ ပြောဖို့ဆိုတာ အချိန် အတော်ကြာကြာ စောင့်ကြည့်ရဦးမှာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

ဒီလို တစိတ်တဒေသ ပြန်ဖွင့်ပေးလိုက်ပြီး အကျိုး ခံစားခွင့်ရမယ့် လူတဦးချင်း တယောက်ချင်း အနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကြီးကြီးမားမားကျူးလွန်ခဲ့သူတွေ မပါဖို့ အထူး ဂရုစိုက် စဉ်းစား သင့်တယ်လို့ သုတေသနမှူး စူနိုက်ဖာစုပ် က တိုက်တွန်း ပြောဆိုထားပါတယ်။

အခုလို တဖက်က အဆင့်အဆင့် စောင့်ကြည့်ပြီးမှ ရုပ်သိမ်းဖို့သင့်တယ်လို့ ပြောဆိုနေချိန်မှာပဲ တရုတ်နိုင်ငံခြားရေး၀န်ကြီးက မြန်မာအပေါ် အနောက်နိုင်ငံတွေက ပိတ်ဆို့မှု လျော့ပေးတော့မယ်ဆိုတဲ့အပေါ်ကို ကြိုဆိုလိုက်ပြီး အမြန်ဆုံး လုံး၀ ရုပ်သိမ်းပေးဖို့ကိုလည်း ထပ်လောင်းတောင်းဆိုလိုက်ပါတယ်။

တခါ ပြင်သစ်နိုင်ငံခြားရေး ၀န်ကြီး အလိန်းယူပေကလည်း ဥရောပ သမဂ္ဂဘက်က ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေ လျှော့ချပေးဖို့ အတွက် ဧပြီလ ၂၃ ရက်နေ့မှာ ပြုလုပ်မယ့် ဥရောပသမဂ္ဂ နိုင်ငံခြားရေး၀န်ကြီးများရဲ့ ပုံမှန်အစည်းအဝေးမှာ အဖွဲ့၀င်နိုင်ငံတွေကို တိုက်တွန်းသွားမယ်လို့ ပြောပါတယ်။