KNU အစိုးရ ဆွေးနွေးပွဲ သဘော တူညီမှုတချို့ရ

  • 7 ဧပြီ 2012
KNU ဓာတ်ပုံ မူပိုင် Reuters
Image caption မြန်မာ ကေအင်ယူ ဆွေးနွေးပွဲ သဘော တူညီမှု တချို့ရ

မြန်မာ နိုင်ငံမှာ ရောက်နေတဲ့ ကေအင်ယူ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ဟာ မနေ့က သောကြာနေ့က အစိုးရဘက် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နဲ့ ဆွေးနွေးပြီး သဘောတူ ဆုံးဖြတ်ချက် တချို့ ချမှတ် နိုင်ခဲ့တယ်လို့ ကေအင်ယူဘက်က ပြောပါတယ်။

အရင် အကြိမ် ဆွေးနွေးခဲ့တုန်းက ပြောခဲ့တဲ့ အချက် ခြောက်ချက်ကို ပိုပြီး ကျယ်ကျယ် ပြန့်ပြန့် ဆွေးနွေးခဲ့တာ ဖြစ်ပြီး ပိုခိုင်မာတဲ့ အပစ်အခတ် ရပ်စဲရေး ဖြစ်လာအောင် ဆက် အကောင်အထည် ဖော်သွားရေးကို လက်ခံခဲ့မှု အပါအဝင် စုစုပေါင်း အချက် ဆယ့်သုံးချက်ကို သဘောတူ ဆုံးဖြတ်ချက်တွေ ချမှတ် နိုင်ခဲ့တယ်လို့ ကေအင်ယူ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့မှာ ပါသွားတဲ့ နော်မေဉီးက ပြောပြပါတယ်။

တိုင်းရင်းသားဒေသမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲနဲ့ တပြည်လုံး အတိုင်းအတာအထိ စစ်ရပ်စဲဖို့၊ ပြည်သူတွေအပေါ် အတင်းအဓ္ဓမ လုပ်အားပေး စေခိုင်းနေတဲ့ ကိစ္စ ၊ ပုံစံမျိုးစုံနဲ့ ငွေကြေး တောင်းခံနေတဲ့ လုပ်ရပ်တွေကို မပြုလုပ်ဖို့၊ အကျဉ်းသားတွေကိုလည်း လွှတ်ပေးဖို့ နဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ တည့်မတ် မှန်ကန်အောင် လုပ်ဆောင်သွားဖို့ ဆိုတဲ့ အချက် ၆ ချက်ပါ သဘောတူညီမှု ရရှိခဲ့ကြတာ ဖြစ်ပါတယ်။

ဆွေးနွေးပွဲမှာ ငြိမ်းချမ်းရေး ကိစ္စရပ်ကို အဓိက ထားဆွေးနွေးခဲ့ကြ သလို ရှေ့ဆက်လုပ်ငန်း စဉ် နဲ့ ပက်သက်ပြီးတော့လည်း တဆင့်ချင်းစီ မြှင့်တင် ဆွေးနွေး သွားကြဖို့ သဘောတူ ထားတဲ့ အကြောင်း အစည်းအဝေးကို တက်ရောက် သတင်းယူခဲ့တဲ့ သတင်းထောက်တဦးက ဘီဘီစီကို ပြောပါတယ်။

ဆွေးနွေးပွဲကို KNU ဘက်က အထွေထွေ အတွင်းရေးမှုး နော်စီဖိုးရာစိန် နဲ့ KNU စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးတို့က ဦးဆောင်တက်ရောက်ပြီး၊ အစိုးရ ကိုယ်စားလှယ်ဘက် ကတော့ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း၊ နယ်စပ်ရေးရာ ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဇော်ဝင်း၊ လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီး ဦးခင်ရီနဲ့ တခြားဝန်ကြီး အများအပြား တက် ရောက်ကြပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၃ ရက်နေ့ အင်္ဂါနေ့ကလဲ နှစ်ဦးနှစ်ဘက် ဘားအံမှာ အကြို တွေ့ဆုံခဲ့ကြပြီး နှစ်ဖက် စစ်တပ်တွေ နေရာချထားရေးနဲ့ ဆက်ဆံရေးရုံး ဖွင့်ရေးကိစ္စ ဆွေးနွေးခဲ့ကြပါတယ်။

လာမဲ့ ၈ ရက်နေ့ တနင်္ဂနွေနေ့ကျရင်လည်း KNU ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးအဖွဲ့တို့ဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ သွားရောက် တွေ့ဆုံပြီး ပြည်တွင်းစစ် အဆုံးသတ်ရေးနဲ့ ထာဝရ ငြိမ်းချမ်းရေး တည်ဆောက်ဖို့ ကိစ္စတွေ ပြောဆိုကြဖို့ ရှိတယ်လို့လည်း KNU ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ နော်မေဦးက ဘီဘီစီကို ပြောပါတယ်။