KNU နဲ့ အစိုးရအကြား တပြည်လုံးအပစ်ရပ်ရေး သဘောတူ

  • 6 ဧပြီ 2012
ဓာတ်ပုံ မူပိုင် Reuters
Image caption ဆွေးနွေးပွဲကနေ အချက် ၆ ချက် ပါ သဘောတူ ညီချက်ကို လက်မှတ်ရေးထိုးနိုင်ခဲ့

ကရင်အမျိုးသား အစည်းအရုံး KNU နဲ့ မြန်မာ အစိုးရ အကြား တပြည်လုံး အတိုင်းအတာနဲ့ အပစ် အခတ် ရပ်စဲရေးအတွက် ဒီကနေ့ သဘောတူညီမှု ရရှိသွားပြီ ဖြစ်ပါတယ်။

KNU ငြိမ်းချမ်းရေးဖေါ်ဆောင်ရေး အဖွဲ့နဲ့ အစိုးရ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့တို့ သောကြာနေ့ က ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ် မှာ ကျင်းပတဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကနေ အချက် ၆ ချက် ပါ သဘောတူညီချက်ကို လက်မှတ် ရေးထိုးနိုင်ခဲ့ ကြတာဖြစ်ပါတယ်။

တိုင်းရင်းသားဒေသမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲနဲ့ တပြည်လုံး အတိုင်းအတာအထိ စစ်ရပ်စဲဖို့၊ ပြည်သူတွေအပေါ် အတင်းအဓ္ဓမ လုပ်အားပေး စေခိုင်းနေတဲ့ ကိစ္စ ၊ ပုံစံမျိုးစုံနဲ့ ငွေကြေး တောင်းခံနေတဲ့ လုပ်ရပ်တွေကို မပြုလုပ်ဖို့၊ အကျဉ်းသားတွေကိုလည်း လွှတ်ပေးဖို့ နဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ တည့်မတ် မှန်ကန်အောင် လုပ်ဆောင်သွားဖို့ ဆိုတဲ့ အချက် ၆ ချက်ပါ သဘောတူညီမှု ရရှိခဲ့ကြတာ ဖြစ်ပါတယ်။

ဆွေးနွေးပွဲမှာ ငြိမ်းချမ်းရေး ကိစ္စရပ်ကို အဓိက ထားဆွေးနွေးခဲ့ကြ သလို ရှေ့ဆက်လုပ်ငန်းစဉ် နဲ့ ပက်သက်ပြီးတော့လည်း တဆင့်ချင်းစီ မြှင့်တင် ဆွေးနွေး သွားကြဖို့ သဘောတူထားတဲ့ အကြောင်း အစည်းအဝေးကို တက်ရောက် သတင်းယူခဲ့တဲ့ သတင်းထောက်တဦးက ဘီဘီစီကို ပြောပါတယ်။

ဆွေးနွေးပွဲကို KNU ဘက်က အထွေထွေ အတွင်းရေးမှုး နော်စီဖိုးရာစိန် နဲ့ KNU စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးတို့က ဦးဆောင်တက်ရောက်ပြီး၊ အစိုးရ ကိုယ်စားလှယ်ဘက် ကတော့ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း၊ နယ်စပ်ရေးရာ ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဇော်ဝင်း၊ လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီး ဦးခင်ရီနဲ့ တခြားဝန်ကြီး အများအပြား တက်ရောက်ကြပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၃ ရက်နေ့ အင်္ဂါနေ့ကလဲ နှစ်ဦးနှစ်ဘက် ဘားအံမှာ အကြို တွေ့ဆုံခဲ့ကြပြီး နှစ်ဖက် စစ်တပ်တွေ နေရာချထားရေးနဲ့ ဆက်ဆံရေးရုံး ဖွင့်ရေးကိစ္စ ဆွေးနွေးခဲ့ကြပါတယ်။

လာမဲ့ ၈ ရက်နေ့ တနင်္ဂနွေနေ့ကျရင်လည်း KNU ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးအဖွဲ့တို့ဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ သွားရောက် တွေ့ဆုံပြီး ပြည်တွင်းစစ် အဆုံးသတ်ရေးနဲ့ ထာဝရ ငြိမ်းချမ်းရေး တည်ဆောက်ဖို့ ကိစ္စတွေ ပြောဆိုကြဖို့ ရှိတယ်လို့လည်း KNU ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ နော်မေဦးက ဘီဘီစီကို ပြောပါတယ်။