မဲမသမာ မှု တွေ ရှိခဲ့တယ် လို့ ကြံ့ခိုင်ရေးပါတီ က ပြော

  • 6 ဧပြီ 2012
usdp dr soe min
Image caption ကြံ့ခိုင်ရေး ပါတီ ကိုယ်စားလှယ်လောင်း ဒေါက်တာ စိုးမင်း

ကော့မှူးမြို့နယ်အပါအဝင် ရန်ကုန်တိုင်းမြို့နယ် အတွင်း က မဲဆန္ဒနယ်တွေ မှာ မဲမသမာမှု တွေ လုပ်ခဲ့တယ် လို့ စွပ်စွဲပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ကို တိုင်ကြားဖို့ ပြည်ထောင်စု ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီ က ပြင်ဆင် နေပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ရဲ့ ကိုယ်စား ကော့မှူး မြို့နယ် မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD က ဒေါ်အောင်ဆန်းစုကြည် နဲ့ ယှဉ်ပြိုင် အရွေးခံပြီး ရှံးနိမ့်ခဲ့တဲ့ ကိုယ်စားလှယ်လောင်း ဒေါက်တာစိုးမင်း က နေရာ ၂ နေရာလောက်မှာ မဲမသမာမှု တွေ ရှိခဲ့တယ် လို့ သူ့ကို ထောက်ခံသူ တွေ က သူ့ထံ အကြောင်းကြားခဲ့ ကြတယ် လို့ ဘီဘီစီ ကို ပြောပါတယ်။

အဲဒီ ကမဲရုံ တချို့မှာ မဲရုံမှူးတွေကိုယ်တိုင် က သူတို့ကိုယ်တိုင် မဲဆန္ဒရှင် တွေရဲ့ မဲပြားကို ယူကာ ကိုယ်တိုင် သူတို့ကြိုက်နှစ်သက်ရာ ပါတီ နေရာ ကို ခြစ်ပြီး မဲပေးခဲ့ကြတာကို ရွာသားတွေ က သူ့ကို လာပြောတဲ့ အကြောင်း သူ က ပြောပြပါတယ်။

ဒါပေမယ့် ဒါတွေကြောင့်တော့ အခုထွက်ထားပြီးသား မဲရလဒ် မှာ အနိုင်အရှုံး ပြောင်းလဲ သွားအောင် အထိ တော့ မဖြစ်နိုင်ပါဘူး လို့ ဆိုပါတယ်၊ ပုံမှန် မဟုတ်တာ ကို သာ တိုင်ကြားဖို့ သူ့ပါတီ က ကြိုးစား နေကြတာလို့ သူထင်မြင်တဲ့ အကြောင်း ဒေါက်တာ စိုးမင်း က ဘီဘီစီ ကို ပြောပါတယ်။

ရန်ကုန်တိုင်းမှာ မဲဆန္ဒနယ် ၆ ခုမှာ ကြံခိုင်ဖွံ့ဖြိုးရေးပါတီ အပါအဝင် အခြားနိုင်ငံရေး ပါတီ တွေ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး နေရာ ၆ ခုလုံးမှာ NLD က အနိုင်ရရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် က ကြေညာ ထားပါတယ်။