နောက်ဆုံး ရေးသားချိန် 8 ဧပြီလ 2012 - 16:53 GMT

ဒေါ်အောင်ဆန်းစုကြည်ကို ကယ်ခဲ့တယ်လို့ ဦးခင်ညွန့် ပြော

ရွေးကောက်ပွဲမှာ NLDကို မိသားတစုလုံး မဲပေးခဲ့တယ်လို့ ဦးခင်ညွန့်ပြော

ထောက်လှမ်းရေး အကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်က ၂၀၀၃ ခုနှစ် မေလ ၃၀ ရက် ဒီပဲယင်း ဖြစ်ရပ်တုန်းက ဒေါ်အောင်ဆန်းစုကြည်ကို အသက်အန္တရာယ် ကနေ ထောက်လှမ်းရေးတွေက ကယ်ခဲ့တယ်လို့ ဘန်ကောက်ပို့စ် သတင်းစာနဲ့ မေးမြန်းခန်းမှာ ပြောကြားသွားခဲ့ပါတယ်။

ဦးခင်ညွန့်က အဲဒီတိုက်ခိုက်မှု ဖြစ်ပွားခဲ့တဲ့ ညတုန်းက သူ့လူတွေကို စေလွှတ်ခဲ့ပြီး စစ်အစိုးရ လိုလားအားပေးတဲ့ လူအုပ်ကြားကနေ ဒေါ်အောင်ဆန်း စုကြည်ကို အနီးဆုံး တပ်စခန်းတခုဆီ ကယ်ထုတ်ခဲ့တယ်လို့ ပြောပါတယ်။

ဘန်ကောက်ပို့စ်နဲ့ မေးမြန်းခန်းမှာ ဦးခင်ညွန့်က သူဖမ်းဆီးခံခဲ့ရတဲ့ အဖြစ်အပျက်တွေ၊ လူမျိုးစု သူပုန်တွေနဲ့ သူ့လက်ထက်တုန်းက ငြိမ်းချမ်းရေး သဘောတူညီမှု ရခဲ့တာတွေနဲ့၊ ဒေါ်အောင်ဆန်း စုကြည်အပေါ် နှမတဦးလို သဘောထားတယ် ဆိုတာတွေကို ပြောသွား ပါတယ်။

ဒါပေမယ့် ဒီပဲယင်း ဖြစ်ရပ်တုန်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ ရှိနေခဲ့တဲ့ NLD ပါတီ နာယက ဦးတင်ဦးကတော့ ဒီဖြစ်ရပ်တွေမှာ ဘယ်သူက ဘာလုပ်ခဲ့တယ် ဆိုတာ စုံစမ်း စစ်ဆေးမှု တခုလုပ်ပြီး အသေအချာ စစ်ဆေးမှသာ အဖြစ်မှန်ကို သိရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

စုံစမ်းစစ်ဆေးမှု လုပ်တယ် ဆိုရာမှာ အရေးယူ အပြစ်ပေးဖို့ မဟုတ်ပဲ အဖြစ်မှန် ပေါ်ပေါက်ဖို့နဲ့ ဒီဖြစ်ရပ်အတွင်း ထိခိုက်နစ်နာခဲ့သူတွေကို ထိုက်သင့်အားလျော်တဲ့ နစ်နာကြေး ပေးဖို့ အတွက် သာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က ပြောခဲ့ပြီး ဖြစ်တယ်လို့ ဦးတင်ဦးက ပြောပါတယ်။

ဦးခင်ညွန့် အခုလို ပြောတာဟာ သူ့အနေနဲ့ အားလုံးနဲ့ သင့်မြတ်လိုတဲ့ စိတ်ဆန္ဒ ရှိတယ် ဆိုတာကို ပြလိုတာ ဖြစ်နိုင်ပြီး သူ့လူတွေနဲ့ ပတ်သက်လို့ ထိန်းကျောင်းခဲ့တာမျိုး ရှိကောင်း ရှိနိုင်ခဲ့ကြောင်း၊ ဒါပေမယ့်လည်း ဒီပဲယင်း ဖြစ်စဉ် တခုလုံးကို ကြည့်ရင် တားဆီးသင့်တာ တွေ၊ လုပ်သင့်တာတွေမှာ ချို့ယွင်းမှုတွေ ရှိခဲ့တယ်လို့ ပြောနိုင်ကြောင်း ဦးတင်ဦးက ပြောပါတယ်။

ဒီပဲယင်း ဖြစ်ရပ် ဖြစ်ခဲ့အပြီး အခုအခါမှာလည်း ဒေါ်အောင်ဆန်းစုကြည်ဟာ လူအုပ်ကြား ထဲမှာ လှုပ်ရှား သွားလာနေရတာမို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်အန္တရာယ် လုံခြုံရေး ဟာ လက်ရှိ နိုင်ငံတော်အစိုးရရဲ့ တာဝန် ဖြစ်တယ်လို့ ဒီပဲယင်း ဖြစ်ရပ်တုန်းက ဒေါ်အောင်ဆန်း စုကြည်နဲ့ အတူ တိုက်ခိုက်ခံခဲ့ရတဲ့ ဦးတင်ဦးက ဘီဘီစီကို ပြောပါတယ်။

BBC navigation

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။