ဒေါ်အောင်ဆန်းစုကြည် လွှတ်တော် စတက် တော့မယ်

  • 9 ဧပြီ 2012
Daw Aung San Suu Kyi ဓာတ်ပုံ မူပိုင် AP
Image caption ဒေါ်အောင်ဆန်း စုကြည် က အခြေခံ ဥပဒေ ပြင်ဆင်ဖို့ ဆက်လုပ်မယ်လို့ဆို

ဧပြီလ ၁ရက်နေ့ ကြားဖြတ် ရွေးကောက်ပွဲ မှာ အနိုင် ရခဲ့တဲ့ ဒေါ်အောင်ဆန်း စုကြည်ဟာ ဧပြီ ၂၃ ရက်နေ့မှာ လွှတ်တော် ကို ပထမဆုံး အကြိမ် တက်ရောက်ဖို့ ရှိတယ်လို့ ပါတီ ပြောခွင့် ရသူ ဉီးဉာဏ်ဝင်း က ပြော ပါတယ်။

ရွေးကောက်ပွဲ အနိုင်ရတဲ့ ပြည်သူ့ လွှတ်တော်နဲ့ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် လောင်းတွေ ကို ဧပြီလ ၂၂ ရက်နေ့ အရောက် နေပြည်တော် မှာ သတင်းပို့ဖို့ အကြောင်းကြား ထားတယ် လို့ ဉီးဉာဏ်ဝင်းက ပြောပါတယ်။

မန္တလေးတိုင်း မဟာအောင်မြေ မဲဆန္ဒနယ် ကအရွေးခံ ရတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဉီးအုန်းကြိုင် ကလည်း ပြည်သူ့ လွှတ်တော် ဥက္ကဌ က ကိုယ်စားလှယ် တွေကို လာရောက်ဖို့ ဖိတ်ကြား ထားပြီ လို့ ပြောပါတယ်။

ဉီးအုန်းကြိုင် ဟာ ၁၉၉၀ ရွေးကောက်ပွဲ တုန်းက လည်း မန္တလေး အရှေ့တောင် မြို့နယ် အမှတ် (၂) မဲဆန္ဒနယ် ကနေရွေးချယ် ခံခဲ့ရတဲ့ ကိုယ်စားလှယ် ဖြစ်ပါတယ်။

အလားတူ ဒေါက်တာ ဇော်မြင့်မောင်၊ ဉီးပေါခင် နဲ့ ဒေါက်တာ မြင့်နိုင် စတဲ့ ၁၉၉၀ ခုနှစ်တုန်းက ရွေးကောက်ခံ ခဲ့ရတဲ့ ကိုယ်စားလှယ် တွေလည်း အခုကြားဖြတ် ရွေးကောက်ပွဲ အနိုင်ရတဲ့ ကိုယ်စားလှယ် တွေထဲမှာ ပါဝင်တယ်လို့ ဉီးအုန်းကြိုင်က ပြောပြ ပါတယ်။

အန်အယ်ဒီပါတီဟာ ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့တဲ့နေရာ ၄၄ နေရာရှိခဲ့တဲ့အနက် ၄၃ နေရာ မှာအနိုင်ရခဲ့တာဖြစ်ပါတယ်။