နောက်ဆုံး ရေးသားချိန် 10 ဧပြီလ 2012 - 01:25 GMT

ဗြိတိသျှ ဝန်ကြီးချုပ် ရဲ့ မြန်မာခရီးစဉ်

_camero

ဗြိတိသျှဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်

ဧပြီလ ၁၃ ရက်နေ့မှာ ဗြိတိသျှဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန် ဟာ အာရှ ခရီးစဉ် ရဲ့ တစိတ်တဒေသ အနေနဲ့ မြန်မာနိုင်ငံ ဆီ တရက်တာ ဝင်မယ့် အစီအစဉ်ရှိပါတယ်။ ဒီ ခရီးစဉ် အတွင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန် နဲ့ နေပြည်တော် မှာ သွားရောက်တွေ့ဆုံ မှာ ဖြစ်သလို၊ ရန်ကုန်မှာ ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံ ဆွေးနွေးမှာပါ။

ဒေါ်အောင်ဆန်းစုကြည် နဲ့ ဒေးဗစ်ကင်မရွန် ဆွေးနွေး အပြီးမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်မယ် လို့ NLD က အတည်ပြု ပြောကြားပါတယ်။ ဒေးဗစ်ကင်မရွန် က ဒေါ်အောင်ဆန်းစုကြည် ကို ဗြိတိသျှ သံအမတ် အိမ်ဂေဟာ မှာ ညစာ စားပွဲ နဲ့ ဧည့်ခံ ဦးမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ ကို အနောက်အုပ်စု နိုင်ငံတွေ က နိုင်ငံခြားရေး ဝန်ကြီးအဆင့် အစိုးရ အရာရှိတွေ လာကြပေမယ့်၊ နိုင်ငံ့ခေါင်းဆောင် တဦး အနေနဲ့ကတော့ ဒေးဗစ်ကင်မရွန် ဟာ ပထမဆုံးလာတဲ့ ဝန်ကြီးချုပ် ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၂ ခု ကြားဖြတ် ရွေးကောက်ပွဲ မှာ NLD အနိုင်ရခဲ့မှု ဟာ ပြည်သူရဲ့ အောင်ပွဲလို့ ဒေါ်အောင်ဆန်းစုကြည် က ပြောသလို၊ နိုင်ငံ တချို့ ကလည်း မြန်မာနိုင်ငံ ဟာ ပြုပြင်ပြောင်းလဲရေး လမ်းစ ဆီ ဦးတည်နေပြီ ဖြစ်လို့ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှု ရုပ်သိမ်းဖို့ သင့်ပြီ လို့ ဆိုကြပါတယ်။ ဉရောပ သမဂ္ဂ အနေနဲ့ ပိတ်ဆို့မှု ကို တဆင့်ပြီး တဆင့် လျှော့ပေးဘွယ် ရှိတဲ့ အတွက် ဧပြီလ ၂၃ ရက် မှာ ဉရောပ သမဂ္ဂ နိုင်ငံခြားရေး ဝန်ကြီးများ အဆင့် အစည်းအဝေး မှာ ဒီကိစ္စ ထည့်သွင်းဆွေးနွေးဘွယ် ရှိတယ် လို့ ပြောဆိုမှု တွေလည်းရှိနေပါတယ်။

ဒီအခြေအနေတွေ အပေါ် မူတည်ယင်း၊ ဒေးဗစ်ကင်မရွန် ရဲ့ မြန်မာ့ ခရီးစဉ် အတွင်း နှစ်ဖက် ခေါင်းဆောင်ပိုင်းနဲ့ ဆွေးနွေးနိုင်တယ် လို့ မြန်မာ့ အရေး လေ့လာ သူတွေက ခန့်မှန်း နေကြပါတယ်။

BBC navigation

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။