ဒေါ်အောင်ဆန်း စုကြည်နဲ့ သမ္မတ ထပ် တွေ့မယ်

  • 10 ဧပြီ 2012

အန်အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်နဲ့ သမ္မတ ဦးသိန်းစိန်တို့ နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေးမှာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် AP
Image caption ပြီးခဲ့တဲ့ တွေ့ဆုံမှုတုန်းက တူတာတွေကို လက်တွဲ လုပ်ဆောင်ဖို့ သဘောတူ ခဲ့ကြ

ဗုဒ္ဓဟူး နေ့ မနက် ၁၁ နာရီမှာ သမ္မတနဲ့ ဒေါ်အောင်ဆန်း စုကြည် နှစ်ဉီးတည်းသာ တွေ့ဆုံ ပြီးတဲ့ နောက် သမ္မတ မိသားစု၊ အစိုး ရ အဖွဲ့ဝင် ဝန်ကြီး တွေနဲ့ အတူ နေ့လည်စာ စားဖို့ ရှိတယ်လို့ ဒေါ်အောင်ဆန်း စုကြည်နဲ့ အတူ လိုက်ပါ သွားမယ့် သူ့က ရဲ့ လုံခြုံရေး အရာရှိ ဦးခွန်သာမြင့်က ပြောပါတယ်။

သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်း စုကြည်တို့ နှစ်ဘက် အကြား ပြီးခဲ့တဲ့ တွေ့ဆုံ မှုတုန်းက နှစ်ဘက် ဆက်လက် တွေ့ဆုံ ဆွေးနွေးကြဖို့ နှစ်ဘက် နားလည် ထားခဲ့ကြတာ ဖြစ်ပြီး အဲဒီ တွေ့ဆုံမှု ၇ လ ကျော် ကြာလာတဲ့ အချိန်မှာ နောက်ထပ် ဆွေးနွေး စရာ တွေ ရှိနေ တယ်လို့ ဦးခွန်သာမြင့် က ဘီဘီစီကို ပြောပါတယ်။

အခုလို ဆွေးနွေးခွင့် ရဖို့ ဒေါ်အောင်ဆန်း စုကြည် ဘက်က ကမ်းလှမ်း ခဲ့တာဖြစ်ပြီး သမ္မတ ဘက်က လက်ခံလိုက်တဲ့ အတွက် ဆွေးနွေးပွဲ ဖြစ်မှာ ဖြစ်ကြောင်းလည်း သူက ပြောပါတယ်။

တိုင်းပြည် အတွက် ရှေ့ဆက် ပူးပေါင်း လုပ်ဆောင် စရာတွေ ကို ဘယ်လို လုပ်ဆောင် ကြမယ် ဆိုတာ ဆွေးနွေးဖို့ ဒေါ်အောင်ဆန်း စုကြည်နဲ့ သမ္မတ ဦးသိန်းစိန် တို့ တွေ့ဆုံ ကြမှာ ဖြစ်တယ် ဆိုတာက လွဲပြီး ဘာတွေ ဆွေးနွေး ကြမယ် ဆိုတာ ကိုတော့ ဦးခွန်သာမြင့်က ထုတ်ဖော် ပြောဆို ခြင်း မရှိ ပါဘူး။

ဒေါ်အောင်ဆန်း စုကြည်နဲ့ အတူ သူ့ရဲ့ လုံခြုံရေး အရာရှိ ဖြစ်သူ ဦးခွန်သာမြင့်နဲ့ ကိုယ်ရေး အရာရှိ ဒေါက်တာ တင်မာအောင်တို့ လိုက်ပါ သွားကြမယ်လို့ လည်း သိရပါတယ်။