ဒေါ်အောင်ဆန်း စုကြည်နဲ့ သမ္မတ ဒုတိယ အကြိမ်တွေ့

  • 11 ဧပြီ 2012

မြန်မာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နဲ့ အန်အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့ နေပြည်တော်မှာ ဗုဒ္ဓဟူးနေ့က တွေ့ဆုံ ဆွေးနွေးခဲ့ ကြပါတယ်။

ဓာတ်ပုံ မူပိုင် AP
Image caption သမ္မတနဲ့ ဆွေးနွေးပြီး ရန်ကုန် လေဆိပ်ကို ပြန်ရောက် လာတဲ့ ဒေါ်အောင်ဆန်း စုကြည်

အခု တွေ့ဆုံမှုဟာ လွန်ခဲ့တဲ့ ၇ လကျော်က နှစ်ယောက် တွေ့ဆုံခဲ့ အပြီး ဒုတိယ အကြိမ် တွေ့ဆုံမှုလည်း ဖြစ်ပါတယ်။

တစ်နာရီခွဲလောက် ကြာတဲ့ တွေ့ဆုံမှု အတွင်း မြန်မာ နိုင်ငံ အရေးနဲ့ ပတ်သက်လို့ ရှေ့ဆက် ပူးပေါင်း လုပ်ဆောင် စရာတွေကို ဘယ်လို ဆောင်ရွက် သွားကြမယ် ဆိုတာ နှစ်ဘက် ဆွေးနွေး ခဲ့ကြတယ်လို့ ဒေါ်အောင်ဆန်း စုကြည်နဲ့ အတူ နေပြည်တော်ကို လိုက်ပါသွားတဲ့ လုံခြုံရေး အရာရှိ ဦးခွန်သာမြင့်က ပြောပါတယ်။

နောက်ထပ် ဆွေးနွေးမှု အသေးစိတ် ကိုတော့ ထုတ်ပြန် ပြောဆိုခြင်း မရှိပါဘူး။

ပထမ တစ်ခေါက် ဆွေးနွေးပြီးတဲ့နောက် နိုင်ငံရေး အကျဉ်းသား တွေ လွတ်မြောက် လာခဲ့တာ မျိုးလို အများ ဝမ်းသာ စရာ ဖြစ်ရပ်မျိုး မကြာခင် တွေ့မြင် လာရ နိုင်တယ်လို့ လည်း သူက ပြောပါတယ်။

လောလောဆယ် ရပ်နား ထားတဲ့ လွှတ်တော် အစည်း အဝေး တွေကို လာမယ့် ဧပြီလ ၂၃ ရက်နေ့မှာ ပြန်လည် စတင်မှာ ဖြစ်ပေမဲ့ အန်အယ်လ်ဒီ နဲ့ အစိုးရ ကြားမှာ အရင်က ညှိနှိုင်း ခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ စကား အသုံး အနှုန်း ပြင်ဆင်ချက်ကို အတည်ပြု မပြီး မချင်း ကြားဖြတ် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ဒေါ်အောင်ဆန်း စုကြည်နဲ့ အန်အယ်လ်ဒီ အမတ်တွေက လွှတ်တော် ထဲကို သွားမှာ မဟုတ်ဘူးလို့ ဉီးခွန်သာမြင့်က ပြော ပါတယ်။

သမ္မတနဲ့ ဆွေးနွေး အပြီးမှာ သမ္မတ မိသားစုက ဒေါ်အောင်ဆန်း စုကြည် တို့ကို နေ့လည်စာ တည်ခင်း ဧည့်ခံ ခဲ့တယ်လို့လည်း သိရ ပါတယ်။