ဘန်ကောက်ပို့စ်ပါ ဒီပဲယင်းကိစ္စ သတင်းစာရှင်းလင်းပွဲ ပြုလုပ်

  • 11 ဧပြီ 2012
ဓာတ်ပုံ မူပိုင် r
Image caption ဒေါ်အောင်ဆန်းစုကြည်ကို ကယ်ခဲ့တယ်လို့ ဦးခင်ညွန့် မပြောကြောင်း ပြည်ထဲရေးဌာနပြော

၂၀၀၃ ခုနှစ် မေလ ၃၀ ရက်က ဖြစ်ခဲ့တဲ့ ဒီပဲယင်း တိုက်ခိုက်မှုအတွင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်ကို ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့်က ကယ်တင်ခဲ့တယ်ဆိုတဲ့ သတင်း ဘန်ကောက်ပို့စ် သတင်းစာမှာ ပါတဲ့ကိစ္စဟာ အမှန်တကယ် ပြောကြားခဲ့ခြင်းမရှိဘဲ ရေးသားထားတာ ဖြစ်တယ် လို့ ပြည်ထဲရေးဝန်ကြီးဌာန တာဝန်ရှိ သူတွေက တရားဝင် သတင်းစာရှင်းလင်းပွဲ လုပ်ပြီး သတင်းမီဒီယာတွေကို ပြောကြားခဲ့ ပါတယ်။

ရဲသတင်းတပ်ဖွဲ့က ဒုတိယရဲမှူးကြီး ဝင်းနိုင်ထွန်းနဲ့ ဗိုလ်မှူးဟောင်း ဝင်းမောင်မောင်တို့က ဗုဒ္ဓဟူးနေ့ နေ့လည် ၂ နာရီမှာ ရန်ကင်းမြို့နယ်မှာ ရှိတဲ့ ပြည်ထဲရေးရုံးဟောင်းမှာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ပြီး အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

သတင်းစာ ရှင်းလင်းပွဲမှာ ဒုတိယရဲမှူးကြီး ဝင်းနိုင်ထွန်းက ဘန်ကောက်ပို့စ်ကို ဦးခင်ညွန့် မပြောခဲ့ဘူးလို့ ပထမ ရှင်းလင်း ပြောကြားခဲ့ပါတယ်။

ဒါပေမယ်လို့ ဗိုလ်မှူးဟောင်း ဝင်းမောင်မောင်က ထပ်ပြီး ရှင်းရာမှာတော့ ဒီကိစ္စကို အလွတ်ပြောတာမို့ မရေးပါနဲ့လို့ ပြောခဲ့တဲ့ ကြားက ဘန်ကောက်ပို့စ်က ရေးလိုက်တာ ဖြစ်ကြောင်း ပြောကြားသွားခဲ့ တယ်လို့ သတင်းစာရှင်းလင်းပွဲကို ကိုယ်တိုင်တက်ရောက်ခဲ့တဲ့ ရန်ကုန်က သတင်းထောက်တဦးက ဘီဘီစီကို ပြောပါတယ်။

ဦးခင်ညွန့်နဲ့ ဘန်ကောက်ပို့စ် အလွတ်တန်း ပြောထားတဲ့ အသံဖိုင်ရှိတယ် ဆိုပေမယ့် ဖွင့်တော့ မပြခဲ့ဘူးလို့ ပြောပါတယ်။

ဒီပဲယင်းကိစ္စဖြစ်တာ ၉ နှစ် ကြာကာမှ အခုကိစ္စ ထွက်ပေါ်လာတာဟာ၊ နားမလည်နိုင်တဲ့ ပဟေဠိတပုဒ်ကို အဖြေညှိနေ သလို မရှင်းမလင်း ဖြစ်နေကြရတယ်လို့ သတင်းစာရှင်းလင်းပွဲ တက်ရောက်ခဲ့တဲ့ သတင်းထောက်တွေက ပြောဆိုနေကြပါတယ်။