မြန်မာ လူ့အခွင့်ရေးကိစ္စ ဒေးဗစ်ကင်မရွန် ဖိအားပေးသင့်

  • 12 ဧပြီ 2012
ဒေးဗစ်ကင်မရွန် မလေးရှားကိုဆိုက်ရောက်စဉ် ဓာတ်ပုံ မူပိုင် Getty
Image caption ဒေးဗစ်ကင်မရွန် မလေးရှားကိုဆိုက်ရောက်စဉ်

ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်က မြန်မာအပေါ်ပိတ်ဆို့ အရေးယူမှုတွေကို သူ့တွေ့ရှိချက်ပေါ်မူတည်ပြီး လျှော့ပေးကောင်း လျှော့ပေးမယ်လို့ပြောနေချိန်မှာဘဲ ဘားမားကင်ပိန်း ယူကေကတော့ မြန်မာပြည်မှာလူ့အခွင့်အရေး ချိုးဖေါက်မှု တရားဥပဒေစိုးမိုးမှုမရှိတာတွေကို အဓိကထား ဆွေးနွေးဖို့ ဒီကနေ့နေ့စွဲနဲ့ ကြေညာလိုက်ပါတယ်။ တဖက်ကပိတ်ဆို့မှုတွေ လျှော့ချတာ မူအားဖြင့်လက်ခံနိုင်ပေမယ့် အရေးကြီးတဲ့ အရေးယူမှုတွေကိုဆက်ထား ရလိမ့်မယ်လို့ ဆိုပါတယ်။ဒီတော့ဘယ်ဟာတွေထားရမယ် ဘယ်ဟာတွေလျှော့သင့်တယ်လို့ယူဆလဲလို့ BCUKမှ ဒါရိုက်တာ Mark Farmaner ကိုမေးကြည့်ပါတယ်။

ဖြေ။ ဆက်ထားသင့်တဲ့ အရေးယူမှုတွေကိုကြည့်ရင် ဥပမာအားဖြင့် မြန်မာနိုင်ငံမှာ အဓမ္မ လုပ်အားခိုင်းစေမှုတွေဆက်ရှိနေသေးတဲ့အတွက် ဒီပြဿနာပပျောက်ရေးအတွက်EU ကချမှတ်ထားတဲ့ GSP ကုန်သွယ် ခွန်သက်သာခွင့်မပေးတာမျိုး ဆက်ထားသင့်ပါတယ်။ ကျနော်ကိုယ်တိုင် ပြည်တွင်းကိုနှစ်ခေါက်ရောက်ပြီးကချင်နဲ့ကရင်ဒေသတွေမှာ အတင်းခိုင်းစေမှုတွေ တွေ့နေရတုန်းဘဲဖြစ်ပါတယ်။ ဒါ့အပြင် သစ်လုပ်ငန်းကျောက်မျက် သတ္တုတွင်းစတဲ့ ကဏ္ဍတွေမှာ ကုန်သွယ်တာရင်းနှီးမြှုပ်နှံတာပိတ်ပင်မှုကိုလည်း မလျှော့သင့်ပါဘူး။ဒီဝင်ငွေတွေဟာ စစ်တပ်ခေါင်းဆောင်တွေ သူတို့နဲ့ ပတ်သက်တဲ့ အသိုင်းအဝိုင်းတွေဆီကိုရောက်မှာ ဖြစ်သလို သဘာဝပတ်ဝန်းကျင်ပျက်စီးတာ လူ့အခွင့်အရေးချိုးဖေါက်တာနဲ့လည်း ဆက်နွယ်နေပါတယ်။ လျှော့သင့်တဲ့ ဆန်ရှင်တွေကတော့ ဗီဇာနဲ့ခရီးသွားလာခွင့်မျိုး ငွေကြေးထိန်းချုပ်မှုမျိုးကိုလျှော့သင့်ပါတယ်။ တဖက်က တိုင်းပြည်စီးပွားဖွံ့ဖြိုးတိုးတက်စေမယ့် အထောက်အကူတွေလည်း ပြန်ပေးသင့်ပါတယ်။

မေး။ ဒီတော့ ဆန်ရှင်လျှော့ရေးမလျှော့ရေးမှာ လေသံမျိုးမျိုးပြောနေချိန်မှာ ဗြိတိန်ရဲ့သဘောထားဘယ်လောက် အရေးကြီးပါသလဲ။

ဖြေ။ လုပ်ထုံးလုပ်နည်းနဲ့ကြည့်ရင် အီးယူနိုင်ငံတိုင်းက ဗီတိုနဲ့ကန့်ကွက်နိုင်ပါတယ်။ ယူကေအနေနဲ့ကတော့ ဆန်ရှင်တွေလျှော့ပေးတာကို ဆန့်ကျင်နိုင်ပါတယ်။ ဒါပေမယ့်ယူကေက ညှိနှိုင်းအဖြေရှာတာမျိုး အများဆန္ဒကိုနားထောင်တာမျိုးပိုလိုလားပါတယ်။ အခုအီးယူထဲမှာ ဆန်ရှင်ကိုခပ်မြန်မြန်နဲ့ အားလုံးရုပ်သိမ်းပေးဖို့ လိုလားတဲ့နိုင်ငံ ၅ခုလောက်ရှိပြီး ၅နိုင်ငံလောက်ကတော့ လူ့အခွင့်အရေးတိုးတက်မှုကိုကြည့်ပြီးတဖြည်းဖြည်း လျှော့တာမျိုး လိုလားပါတယ်။ ကျန်တဲ့နိုင်ငံတွေကတော့ ဘယ်ထဲမှာမှမပါဘဲ ခြံစည်းရိုးခွထိုင်နေကြတာပါ။ ယူကေက ဆန်ရှင်ကို တင်းတင်းကြပ်ကြပ် ထားပြီးဖိအားပေးတဲ့ပေါ်လစီကိုလိုလားပါတယ်။

မေး။တကယ်တန်းဆို ဗြိတိန်က ပြင်းထန်တဲ့ဖိအားပေးတဲ့ နိုင်ငံထဲမှာပါပေမယ့် အခုခရီးစဉ်အတွင်း စီးပွားရေးကိုယ်စားလှယ်တွေ ပါတာကို ရော Mark တို့ဘက်က ဘာပြောမလဲ။

ဖြေ။ ယူကေဟာ စီးပွားရေးနဲ့စာရင် လူ့အခွင့်အရေးကို ဉီးစားပေးတာဖြစ်သလို ဒေးဗစ်ကင်မရွန်ကိုယ်တိုင်ကလည်း မြန်မာ့အရေးကိုတက်ကြွစွာအားပေးသူဖြစ်ပါတယ်။ ဒီတခေါက်မှာ စီးပွားရေးကိုယ်စားလှယ်တွေပါသွားတာ တိုးရစ်အဖြစ်သွားတာလို့ ပြောနေပေမယ့် စီးပွားရေးကို လူ့အခွင့်အရေးထက်ပိုဉီးစားပေးမလား ဆိုတဲ့ဝေဖန်မှုတွေကြားနေရပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာ သူကိုယ်တိုင်လေ့လာပြီးဘာပြောမယ် အီးယူအစည်းအဝေးမှာ ယူကေကဘယ်လို အကြံပြုမယ်ဆိုတာ စောင့်ကြည့်ရပါဉီးမယ်။ တကယ်လို့ဆန်ရှင်ကို ခပ်မြန်မြန်နဲ့အားလုံးလိုလိုရုပ်သိမ်းလိုက်မယ်ဆိုရင်တော့ မြန်မာအစိုးရကို အီးယူဘက်က နိုင်ငံရေးအကျဉ်းသားလွှတ်ပေးရေး အပါအဝင် တခြားကိစ္စတွေမှာ ဆက်ဖိအားပေးနိုင်တော့မှာ မဟုတ်ပါဘူး။