မြန်မာ အရေး G8 အစည်းအဝေး

  • 13 ဧပြီ 2012
burma ဓာတ်ပုံ မူပိုင် Reuters
Image caption ယုံကြည်ချက် အကျဉ်းသားတွေ အကုန်လွှတ်ပေးဖို့

မြန်မာပြည် ပိတ်ဆို့မှု တွေ လျှော့ပေါ့ပေးရေး အတွက် G8 အဖွဲ့ဝင် နိုင်ငံခြားရေး ဝန်ကြီးတွေ ဝါရှင်တန်မှာ ကြာသပတေးနေ့က တွေ့ဆုံခဲ့ ကြတယ်လို့ AFP သတင်းက ဆိုပါတယ်။

ဒီမိုကရေစီနဲ့ အမျိုးသား ပြန်လည်စည်းလုံးရေး အတွက် မြန်မာ အစိုးရရဲ့ အရေးပါတဲ့ ပြုပြင် ပြောင်းလဲရေး ခြေလှမ်းတွေကို ကြိုဆိုကြောင်း ကမ္ဘာ့ အင်အားကြီး ၈ နိုင်ငံက ကြေညာခဲ့ကြ ပါတယ်။

နိုင်ငံတကာနဲ့ ဒေသတွင်း နိုင်ငံရေး စီးပွားရေး ဖြစ်စဉ်တွေနဲ့ အပြည့်အဝ ပေါင်းကူးဆက်သွယ် နိုင်အောင် ပိတ်ဆို့မှုတွေ လျှော့ပေးရေးမှာ ကူညီသွားမယ်လို့လည်း ဆိုပါတယ်။

ယုံကြည်ချက်ကြောင့် ကျခံနေရတဲ့ အကျဉ်းသားတွေ ခြွင်းချက်မရှိ လွှတ်ပေးရေးနဲ့ လွတ်ပြီးသား လူတွေအပေါ် ဥပဒေကြောင်း အရ ကန့်သတ်ထားတာတွေကို ရုပ်သိမ်းရေးကိုလည်း တောင်းဆို ခဲ့ကြ ပါတယ်။

လူမျိုးစု နယ်မြေတွေမှာ အပစ်အခတ်တွေ ရပ်စဲဖို့၊ လူမှု ကယ်ဆယ်ရေးတွေ ဝင်ခွင့်ပေးဖို့၊ မြောက်ကိုရီးယားနဲ့ စစ်ရေး အဆက်အသွယ်တွေ ဖြတ်တောက်ဖို့လည်း တောင်းဆို ခဲ့ပါတယ်။

ဥရောပ သမဂ္ဂက မြန်မာ အပေါ် ထားရှိတဲ့ မူဝါဒတွေနဲ့ ပတ်သက်လို့ လာမယ့် ဧပြီလ ၂၃ ရက်နေ့မှာ ပြန်သုံးသပ်ဖို့ ရှိပါတယ်။

မကြာခင်က အမေရိကန် အစိုးရကလည်း ပိတ်ဆို့ အရေးယူထားမှု တချို့ကို လျှော့ပေးခဲ့ပါတယ်။

ဗြိတိသျှ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်လည်း ကနေ့ သောကြာနေ့မှာ မြန်မာ နိုင်ငံကို လာရောက်ဖို့ ရှိပါတယ်။

မြန်မာပြည် ပြောင်းလဲရေးတွေ အတွက် ထောက်ခံ အားပေးရမယ်လို့ ဂျကာတာမှာ ဗြိတိသျှ ဝန်ကြီးချုပ်က ပြောကြား ခဲ့ပါတယ်။