ပိတ်ဆို့မှု ဆိုင်းငံ့ပေးမယ်လို့ပြော

  • 13 ဧပြီ 2012
ASSK Cameron ဓာတ်ပုံ မူပိုင် Getty
Image caption ပိတ်ဆို့မှု ဆိုင်းငံ့ဖို့ ဗြိတိန်ဝန်ကြီးချုပ် သဘောတူ

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗြိတိန် ဝန်ကြီးချုပ် ကင်မရွန်း တို့ ဒိနေ့တွေ့ဆုံ အပြီး သတင်းစာ ရှင်လင်းပွဲမှာ မြန်မာနိုင်ငံ က ပြုပြင်ပြောင်းလဲရေး လုပ်နေသူတွေကို အားပေးတဲ့ အနေနဲ့ လက်နက်တင်ပို့ မှု ပိတ်ပင်တဲ့ ဒဏ်ခတ် ပိတ်ဆို့မှု ကလွဲရင် ကျန်တဲ့ ပိတ်ဆို့မှု အားလုံး ကိုဆိုင်းငံ့ထားမယ် လို့ မစ္စတာ ကင်မရွန်း ကပြောလိုက်ပါတယ်။

ဗြိတိန် ၀န်ကြီးချုပ် မစ္စတာ ကင်မရွန်း က ဒေါ်အောင်ဆန်းစုကြည် ရဲ့ သတ္တိနဲ့ ရဲရင့်မှု တွေ လှုပ်ရှား တိုက်ပွဲဝင်မှု တွေ က ကမ္ဘာတလွှား မှာ ဒိမိုကရေစီ တိုက်ပွဲဆင်နွှဲနေရ သူတွေကို အင်အားတွေ မျှော်လင့်မှု တွေ ပေးနေတဲ့ အကြောင်း ချီးကျူးဂုဏ်ပြုရင်း သတင်းစာရှင်းလင်း ပွဲ ကို စဖွင့်လိုက်ပါတယ်။

သူ က မြန်မာနိုင်ငံ ရဲ့ ပြုပြင်ပြောင်းလဲရေး တွေ ကို ကြိုဆိုလိုက်ပြီး ဒီလိုပြုပြင် ပြောင်းလဲရေးလုပ်လာ မှု တွေ အပေါ်သမ္မတဉီးသိန်းစိန် နဲ့လည်း ဆွေးနွေးခဲ့သလို ပြုပြင်ပြောင်းလဲရေး လုပ်မှု တွေ ကို ကမ္ဘာ့အသိုင်း အဝိုင်း အနေနဲ့ တုန့်ပြန် ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ ဒီလို တုန့်ပြန်ဆောင်ရွက်ရာမှာလည်း အပြောင်းအလဲတွေ ကို နောက်ပြန် လှည့်သွား မလား လို့ သံသယ တွေ နဲ့ အတူ ဆောင်ရွက် ရမှာ ဖြစ်တဲ့အတွက် ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ဆိုင်းငံ ထားရေးကို သူတို့ ထောက်ခံသွား မယ့် အကြောင်း ပြောပါတယ်။

ဒါ့အပြင် သူ က ၂၀၁၅ မှာ လုပ်မယ့် ရွေးကောက်ပွဲလွတ်လပ်မှု အခြေအနေ ကို လည်း ကြည့်ချင်သေးတဲ့ အကြောင်း သူ ကပြောသွား ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကလည်း ကြားဖြတ်ရွေးကောက်ပွဲ ပြီးတဲ့ အခုအချိန် ဟာ မြန်မာပြ ည် ဒီမိုကရေစီရေးအတွက် ရှေ့ကို တလှမ်းနီး လာတဲ့ အခြေအနေ လို့ သူမြင်ကြောင်းနဲ့ ဒီမိုကရေစီ ပန်းတိုင်အတွက် လျှောက်လှမ်းရမယ့်ခရီး ကတော့ အဝေးကြီး ကို လျှောက်လှမ်းရ ဉီးမှာ ပါ လို့ဆိုပါတယ်။ သမ္မတ ဉီးသိန်းစိန် ဟာ ပြုပြင်ပြောင်းလဲရေး တွေ ကို အမှန်တကယ် လုပ်နေတာလို့ သူ ယုံကြည်တဲ့အကြောင်းလည်း ပြောပါတယ်။

အခုလို ပိတ်ဆို့မှု ကို ဆိုင်းငံပေးလိုက်ခြင်းအားဖြင့် ပြုပြင် ပြောင်းလဲရေး လုပ်သူတွေ ကို အားပေးလိုက်တာ ဖြစ်သလို ပြောင်းလဲရေး ကို ပိတ်ဆို့ နေသူတွေ ကိုလည်း ပြောင်းလဲရေး ကို ဟန့်တားမယ် ဆိုရင် ပိတ်ဆို့မှုတွေ ပြန်လာနိုင်တာ ကိုပြထားတာဖြစ်တယ်လို့ ဆိုပါတယ်