ကင်မရွန်း ဒေါ်စု သတင်းစာ ရှင်းလင်းပွဲ

  • 14 ဧပြီ 2012
cameron ဓာတ်ပုံ မူပိုင် afp getty
Image caption ယူကေ ဝန်ကြီးချုပ်နဲ့ အန်အယ်ဒီ ဥက္ကဌ

မြန်မာ နိုင်ငံကို လက်နက် ပိတ်ဆို့မှုက လွဲပြီး ကျန်တဲ့ ပိတ်ဆို့မှု အားလုံး ပွင့်လာစေမယ့် ယူ ကေ ဝန်ကြီးချုပ်ရဲ့ ပိတ်ဆို့မှု ဆိုင်းငံဖို့ ဆုံး ဖြတ်ချက်ကို ထောက်ခံကြောင်း ဒေါ်အောင် ဆန်းစုကြည်က ပြောလိုက်ပါတယ်။

တက္ကသိုလ် ရိပ်သာလမ်း နေအိမ်မှာ လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားတာ ဖြစ်ပါတယ်။

ဒေးဗစ် ကင်မရွန်းက မြန်မာနိုင်ငံ ရဲ့ ပြုပြင်ပြောင်းလဲရေး တွေ ကို ကြိုဆိုလိုက်ပြီး ဒီလိုပြုပြင် ပြောင်းလဲရေးလုပ်လာ မှု တွေ အပေါ်သမ္မတဉီးသိန်းစိန် နဲ့လည်း ဆွေးနွေးခဲ့သလို ပြုပြင် ပြောင်းလဲရေး လုပ်မှု တွေ ကို ကမ္ဘာ့အသိုင်း အဝိုင်း အနေနဲ့ တုန့်ပြန် ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

လက်ရှိ မြန်မာ နိုင်ငံမှာ ပြုပြင် ပြောင်းလဲမှုတွေ ဖြစ်နေကြောင်း၊ ဒီပြုပြင် ပြောင်းလဲမှုတွေကို ဒေါ်အောင်ဆန်းစုကြည်က ကြိုဆိုတယ်လို့ သိထားကြောင်း၊ သူတို့ကလည်း ကြိုဆိုတဲ့ အကြောင်း ပြောပါတယ်။

မြန်မာ နိုင်ငံလို သာယာ လှပတဲ့ နိုင်ငံ တနိုင်ငံ အနေနဲ့ ကနေ့ ဆင်းရဲသလိုမျိုး ဆင်းရဲ မနေ သင့်ကြောင်း၊ အပြေင်းအလဲတွေ အတွက် တကယ့် အခွင့်အလမ်းကောင်းတွေ ရှိနေကြောင်း ပြောသွားပါတယ်။

နောက်တခါ မြန်မာ အစိုးရ ခေါင်းဆောင်ပိုင်းနဲ့ တွေ့ဆုံခဲ့တာနဲ့ ပတ်သက်လို့လည်း ကင်မရွန်းက မြန်မာ နိုင်ငံက အပြောင်းအလဲတွေဟာ မှန်ကန်ပြီး ကမ္ဘာ့ နိုင်ငံတွေ အနေနဲ့ ဒီအပြောင်းအလဲတွေကို တုန့်ပြန် လုပ်ဆောင်သင့်တယ်လို့ ပြောပါတယ်။

တဆက်ထဲမှာ ဒီအပြောင်းအလဲတွေဟာ နောက်ပြန် မလှည့်ဘူးဆိုတာ အခိုင်အမာ ဖြစ် စေချင်တယ်၊ သံသယ ဆက်ထားထားချင်တယ်၊ အဲဒိအတွက် မြန်မာ နိုင်ငံကို ဒဏ်ခပ် ပိတ်ဆို့ထားတာကို ရုပ်သိမ်းတာထက် ဆိုင်းငံ့ဖို့ တင်ပြချင်တယ်လို့ ကင်မရွန်းက ပြောပါတယ်။

တကယ်တော့ ရုပ်သိမ်းတာနဲ့ ဆိုင်ငံ့တာဆိုတဲ့ စကားရပ်နှစ်ခုဟာ အကျိုးသက်ရောက်မှု သက်သက်ကို ကြည့်မယ်ဆိုရင် ဘာမှ မခြားပါဘူး။

အီးယူက ဆိုင်းငံ့တာဖြစ်ဖြစ်၊ ရုပ်သိမ်းတာဖြစ်ဖြစ် ဘယ်လို ဆုံးဖြတ် ဆုံးဖြတ် ပြည်ပက စီးပွားရေး သမားတွေ လာပြီး ရင်းနှီးမြှတ်နှံ ပိုက်ဆံ ရှာနိုင်အောင် လမ်းပွင့်တော့မှာ ဖြစ်ပါတယ်။

သက်ဆိုင်သူတွေကို သိက္ခာဆယ်ပေးတဲ့ အနေနဲ့ ဆိုင်းငံ့တယ်ဆိုတဲ့ စကားလုံးကို သုံးလိုက် တာသာ ဖြစ်ပြီး ဆိုင်းငံ စကားလုံးကို သုံးရုံနဲ့ ပြည်တွင်းကို ဝင်လာမယ့် ရင်းနှီး မြှတ်နှံမှု ပမာဏကို ပြောင်းသွားစေမှာ မဟုတ်ဖူးလို့ ယူကေထုတ် Financial Times သတင်းစာက ဆိုပါတယ်။

စိတ်ဝင်စားဖို့ကောင်းတဲ့ နောက်အချက် တချက်က ဒေါ်အောင်ဆန်းစုကြည်ဟာ လွတ် လာပြီးနောက်မှာ ဒဏ်ခပ် ပိတ်ဆို့မှုနဲ့ ပတ်သက်ပြီး လေသံပျော့လာပေမယ့် ပြည်ပ ကုမ္ပဏီတွေ မြန်မာ နိုင်ငံမှာ လာပြီး ပိုက်ဆံ ရှာနိုင်ဖို့ ဒဏ်ခပ် ပိတ်ဆို့မှု ဆိုင်းငံဖို့ ကိစ္စကို ထောက်ခံတာ ဒါ ပထမဆုံး အကြိမ် ဖြစ်ပါတယ်။

သမ္မတသိန်းစိန်ဟာဒီမိုကရေစီပြုပြင် ပြောင်းလဲမှုတွေကို တကယ် အစစ်အမှန် လုပ်ဆောင် နေတယ်လို့ သူယုံကြည်ကြောင်း၊ အဲဒိအတွက် ဒဏ်ခပ် ပိတ်ဆို့မှု လုပ်ထားတာကို ဆိုင်းငံ့ဖို့လို ဝန်ကြီးချုပ် ကင်မရွန်းက ဆုံးဖြတ်တာကို သူ့အနေနဲ့ ဝမ်းသာကြောင်း ပြောသွားပါတယ်။

သမ္မတ ဉီးသိန်းစိန်နဲ့ ပြုပြင် ပြောင်းလဲရေး လိုလားသူတွေရဲ့ ကြိုးပမ်းမှုတွေကြောင့် ခုလို ဒဏ်ခပ် ပိတ်ဆို့မှု လျော့လာတာလို့ ယုံကြည်ကြောင်း ဒေါ်အောင်ဆန်း စုကြည်က ပြောပြ ခဲ့ပါတယ်။

ယူကေ ဝန်ကြီးချုပ်ရဲ့ မြန်မာ နိုင်ငံ ခရီးစဉ်ဟာ ဆယ်စုနှစ်ပေါင်းများစွာ အတွင်းမှာ ပထမဆုံး ခရီးစဉ် ဖြစ်တဲ့ အတွက် ကင်မရွန်းရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး ယူကေနိုင်ငံထုတ်သတင်းစာ တွေမှာ အကျယ်တဝင့် ရေးကြပါတယ်။

ဖိုင်နယ်ရှယ်တိုင်းမစ သတင်းစာက Suu Kyi joins UK calls to ease sanctions ပိတ်ဆို့မှု လျှော့ချဖို့ ယူကေနဲ့အတူ ဒေါ်အောင်ဆန်းစုကြည် ဆော်သြ ဆိုပြီး ရေးထားတာ တွေ့ရပါတယ်။

ဂါးဒီးယန်း သတင်းစာမှာတော့ အက်စမာ ဂေါ်လူယိုဂလူက မြန်မာ နိုင်ငံကနေ ဆောင်းပါး တစောင် ရေးသား ပေးပို့ထားပြီး ဖွဲ့စည်းပုံသစ်ကို အားတက်သရော လေးစားလိုက်နာ နေကြတဲ့ မြန်မာ နိုင်ငံမှာ အနိုင်ရသူရော၊ အရေးနိမ့်သူတွေပါ ရှိတယ်လို့ ရေးထားပါတယ်။

လူတိုင်းက နောက်ဆုံး စျေးကွက်ဆိုပြီး တချို့ ပြောနေတဲ့ နိုင်ငံထဲကို ဝင်မယ် တကဲကဲ ဖြစ်နေပြီး ဟိုတယ်တွေမှာ လူတွေပြည့်နေတယ်၊ ပိုက်ဆံ အရင်းအနှီး ရှိသူတွေ အတွက် ပိုက်ဆံ တွေ အများကြီး ရှာနိုင်မယ့် အနေအထားမျိုး ပေါ်လာနေပြီး ဒဏ်ခပ် ပိတ်ဆို့မှု ပွင့်လာတာဟာ ကျေးလက်မှာ နေထိုင်တဲ့ ၇၀ ရာခိုင်နှုန်းသော မြန်မာ နိုင်ငံသားတွေ အတွက် ဘာအကျိုးမှ ရှိမှာ မဟုတ်ဖူးလို့ ရေးသား ထားပါတယ်။

တဘက်မှာ ခုအပြောင်းအလဲတွေဟာ စစ်မှန်တဲ့ အပြောင်းအလဲတွေလား၊ ဒါမှမဟုတ် ပိတ်ဆို့မှု ပွင့်လာအောင် သက်သက် ရည်စူးထားတဲ့ အပေါ်ယံ အပြောင်းအလဲတွေလား ဆိုတာ သတိထား စောင့်ကြည့်ရမယ်လို့ ရန်ကုန် မြို့နေ လူငယ်တ တဉီး အပြောကို ကိုးကားပြီး ရေးထားပါတယ်။