မြန်မာကို ပိတ်ဆို့မှု ဘယ်လို ရုပ်သိမ်းသင့် သလဲ အပေါ် အမြင် ကွဲပြား

  • 13 ဧပြီ 2012
Burma ဓာတ်ပုံ မူပိုင် afp getty
Image caption ဗြိတိသျှ ဝန်ကြီးချုပ် က ဒေါ်အောင်ဆန်း စုကြည် နဲ့ တွေ့ပြီး တဲ့နောက် ပိတ်ဆို့မှု လျှော့ချဖို့ ပြောခဲ့တာပါ

မြန်မာ နိုင်ငံရဲ့ ပြုပြင် ပြောင်းလဲမှု တွေကြောင့် ပိတ်ဆို့ အရေးယူ မှုတွေကို ရုပ်သိမ်း သင့်တယ် ဆိုတဲ့ အမြင် က သက်ဆိုင်သူ အားလုံးမှာ ရှိနေ ကြ ပေမယ့်၊ တကယ်တမ်း ဘယ်ပုံစံနဲ့ ဘယ်အတိုင်း အတာ အထိ ရုပ်သိမ်း သင့်သလဲ ဆိုတဲ့ အပေါ် အမြင် အမျိုးမျိုးရှိ နေကြပါတယ်။

စီးပွားရေး ပိတ်ဆို့မှုတွေ ရုပ်သိမ်းဖို့ ကာလ ရှည်ကြာ တိုက်တွန်း နေတဲ့ ဒေါက်တာ သန့်မြင့်ဉီး ကတော့ မြန်မာ နိုင်ငံကို လက်နက် ရောင်းချမှု ပိတ်ဆို့ ထားတာကို မကန့်ကွက် ပေမယ့် စီးပွားရေး ပိတ်ဆို့မှု တွေကိုတော့ အလျှင်အမြန် ရုပ်သိမ်း သင့်တယ်လို့ ဘီဘီစီ Radio 4 အစီအစဉ်ကို ပြောခဲ့ ပါတယ်။

ဘာကြောင့်လဲ ဆိုတော့ ဒီစီးပွားရေး ပိတ်ဆို့ မှုတွေကြောင့် မြန်မာ အစိုးရ ထဲက ပြုပြင် ပြောင်းလဲ ချင်သူတွေ အတွက်ရော မြန်မာ နိုင်ငံရဲ့ စီးပွားရေး ကိုဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက် လိုသူ တွေအတွက်ပါ အတားအဆီး တွေ ဖြစ်စေ တယ်လို့ သူက ပြောပါတယ်။

ဒါ့အပြင် ဒီပိတ်ဆို့ မှုတွေကြောင့် နိုင်ငံတကာ က နည်းပညာ အကူအညီ မရတာ၊ ပညာ သင်ကြားခွင့် မရတာ တွေလည်း ဖြစ်နေပြီး ပြုပြင် ပြောင်း လဲရေး လုပ်ရာမှာ ပိုခက်ခဲ စေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပိတ်ဆို့ အရေးယူ မှုတွေ ရုပ်သိမ်း တာကို အစိုးရ အပေါ် ဆုပေး တဲ့ အနေမျိုး တခုတည်း နဲ့ မကြည့် သင့်ကြောင်း၊ အမေရိကန်တို့ ချမှတ် ထားတဲ့ ဘဏ္ဍာရေး အရ ပိတ်ဆို့မှု တွေကို ကြည့်ရင် တကယ်တမ်း နိုင်ငံခြား ဘဏ်တွေကို သုံးနိုင်တဲ့ အခွင့်အရေး ရသူ တွေကို ဘာမှ မထိခိုက် စေဘဲ၊ သာမန် စီးပွားရေး သမားတွေ ကိုသာ ထိခိုက် စေတာ ဖြစ်တယ် ဒေါက်တာ သန့်မြင့်ဉီးက ပြောပါတယ်။

တခါ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အထုပ္ပတ္တိ စာအုပ်ကို ရေးခဲ့တဲ့ ဗြိတိသျှ လူမျိုး ဘန်ရော်ဂျာ ကတော့ မြန်မာ နိုင်ငံဟာ ဆင်းရဲ မွဲတေမှု ကြီးမားဆဲ ဖြစ်ပြီး ကျန်းမာရေး စောင့်ရှောက်မှု ညံဖျင်းတဲ့ အခြေ အနေမျိုး ရှိတယ်၊ လူ့အခွင့် အရေး အခြေအနေ လည်း ဆိုးရွား နေဆဲ ဖြစ်တယ် လို့ ဆိုရင်း၊ မြန်မာ အစိုးရကို ဖိအား ပေးနိုင်တဲ့ စီးပွားရေး ပိတ်ဆို့ အရေးယူ မှုတွေကို တဖြည်းဖြည်း နဲ့သာ ရုပ်သိမ်း သင့်တယ်လို့ ပြောပါတယ်။

မြန်မာ နိုင်ငံမှာ သမ္မတ ဉီးသိန်းစိန် ရဲ့ ပြုပြင် ပြောင်းလဲမှု တွေကို အသိအမှတ်ပြု အားပေးဖို့ အတွက် တချို့ ပိတ်ဆို့ အရေးယူမှု တွေကို ရုပ်သိမ်းသင့် ပေမယ့် ပိတ်ဆို့ အရေးယူမှု အားလုံးကို ရုပ်သိမ်း လိုက်မယ် ဆိုရင် မြန်မာ အစိုးရ အပေါ် ဖိအား ပေးနိုင်မယ့် အနေအထား အားလုံး ပျောက်သွား လိမ့်မယ်လို့ ဘန်ရော်ဂျာက ဆိုပါတယ်။

မြန်မာ နိုင်ငံရဲ့ အပြောင်း အလဲတွေ ဟာ နိုင်ငံရေး ပတ်ဝန်းကျင် ပြောင်းလဲ သွားတာသာ ရှိသေးပြီး စံနစ် ပြောင်းလဲ သွားသေးတာ မဟုတ်ပါဘူး လို့ သူက ပြောပါတယ်။

အစိုးရဟာ ကချင်လို ဒေသမှာ တိုင်းရင်းသား တွေကို တိုက်ခိုက်တာ ရှိတယ်၊ လူ့အခွင့်အရေး ချိုးဖောက် တာတွေ ရှိနေတယ်လို့ ဘန်ရော်ဂျာက ထောက်ပြ ပါတယ်။

ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်း ရဲ့ အပြော အရလည်း စီးပွားရေး ပိတ်ဆို့မှု တွေက ချက်ချင်း ပျောက်ကွယ် သွားမယ့် သဘောတော့ မရှိသေးပါဘူး။

မစ္စတာ ကင်မရွန်း အနေနဲ့ မြန်မာ အစိုးရကို ပြုပြင် ပြောင်းလဲမှုတွေ ဆက်လုပ်ဖို့ လိုသေးတယ် ဆိုတဲ့ အချက်ကို သေသေချာချာ ပြောနိုင်ခဲ့ လိမ့်မယ် လို့ ယုံကြည်ကြောင်း ဘန်ရော်ဂျာက BBC Radio 4 အစီအစဉ်မှာ ပြော သွားခဲ့ပါတယ်။