ဒေးဗစ်ကင်မရွန် မြန်မာခရီးစဉ်

  • 13 ဧပြီ 2012
david cameron ဓာတ်ပုံ မူပိုင် bbc
Image caption ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်

ဗြိတိသျှ ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန် ရဲ့ မြန်မာနိုင်ငံ ခရီးစဉ် အတွင်းမှာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် နဲ့ နေပြည်တော် မှာ တွေ့ဆုံမှာ ဖြစ်သလို ဒေါ်အောင်ဆန်းစုကြည် နဲ့လည်း ရန်ကုန်မှာ တွေ့ဆုံ မှာပါ။

နှစ်ပေါင်း ၅၀ အတွင်း ဗြိတိသျှ ဝန်ကြီးချုပ် တယောက် အနေနဲ့ မြန်မာနိုင်ငံ ခရီးစဉ် ဟာ ဘယ်လောက် အရေးပါ ပါသလဲ လို့ ဝါရင့် နိုင်ငံရေး သမား တဦး လည်းဖြစ်၊ ဒီမိုကရက်တစ် ပါတီ မြန်မာ ရဲ့ ဉက္ကဌ ဦးသုဝေ ကိုမေးရာမှာ မြန်မာ အစိုးရ အနေနဲ့ အနောက်အုပ်စု နဲ့ ပြန်လည် ဆက်ဆံရေး ကောင်းမွန်မှသာ စီးပွားရေးလမ်း ပြန်ပွင့်လာနိုင်မှာ ဖြစ်သလို လိုအပ်တဲ့ အကူအညီတွေ လည်း ပြန်လည် ရနိုင် မည့် အကြောင်း ဘီဘီစီ ကိုရှင်းပြပါတယ်။

ဗြိတိန်နိုင်ငံ ဟာ ဥရောပ သမဂ္ဂ အဖွဲ့ထဲမှာ ဦးဆောင်နိုင်ငံ ဖြစ်တဲ့ အတွက် လာမည့် ဧပြီလ ၂၃ ရက် မှာ ကျင်းပမယ့် ဥရောပ သမဂ္ဂ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးကျရင် မြန်မာနိုင်ငံ အပေါ် မှာ ချမှတ် ထားတဲ့ ပိတ်ဆို့ အရေးယူမှု လျှော့ချ ရေး အတွက်လည်း ဆွေးနွေးတင်ပြနိုင် မှာ ဖြစ်ပါတယ်။

ဒေးဗစ်ကင်မရွန် ကိုယ်တိုင်ကလည်း မြန်မာနိုင်ငံ ဟာ အမှန်တကယ် ဒီမိုကရေစီ ပြုပြင်ရေး လမ်းကြောင်း ဆီ ရောက်၊ မရောက် ဆိုတာကို ကိုယ်တိုင် လာရောက် လေ့လာတာ ဖြစ်တဲ့ အကြောင်း ဘီဘီစီ ကို ပြောပါတယ်။

ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ် အမှန် တကယ် ရောက်တယ် ဆိုရင် ပိတ်ဆို့ အရေးယူမှု ဖယ်ရှားရေး လည်း နှောင့်နှေး ကြန့်ကြာမှု မရှိစေရပါဘူး လို့ ဒေးဗစ်ကင်မရွန်က ဘီဘီစီ ကို ရှင်းပြပါတယ်။

ဒေးဗစ်ကင်မရွန်ဟာ NLD ပါတီ ရဲ့ စီစဉ်ပေးမှု အရ မကြာခင် က ကြားဖြတ်ရွေးကောက်ပွဲ မှာ ရွေးချယ်ခံ ရတဲ့ လူငယ် အမတ်တွေ အပါအဝင် လူငယ် ၇ ဦး နဲ့ လည်း တွေ့ဆုံမှာ ဖြစ်ပါတယ်။