မြန်မာပြည်မှာဝှက်ထားခဲ့တဲ့ ဗြိတိသျှတိုက်လေယာဉ်တွေ ပြန်ဖေါ်မယ်

  • 14 ဧပြီ 2012
Image caption မြန်မာနိုင်ငံကို ဂျပန်တွေ ဝင်လာချိန်မှာ ဒီလေယာဉ် တွေကို မြှုပ်ထားခဲ့တာပါ

ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာနိုင်ငံက ဗြိတိသျှစစ်တပ်တွေ ဆုတ်ခွာစဉ် မြန်မာနိုင်ငံ မှာ မြှုပ်ဝှက်ထားခဲ့တဲ့ ဗြိတိသျှ Spitfire တိုက်လေယဉ် အစင်း၂၀ ကို မြန်မာအစိုးရနဲ့ ပူးပေါင်းပြီး ပြန်လည် တူးဖေါ်ဖို့ သဘောတူ ခဲ့တယ်လို့ ဗြိတိသျှ အရာရှိတွေက ပြောပါတယ်။

၁၉၄၅ ခုနှစ်က မြန်မာနိုင်ငံကို ဂျပန်တွေ ဝင်လာ ချိန်မှာ ဆုတ်ခွာနေတဲ့ ဗြိတိသျှစစ်တပ်က ဂျပန်တွေ ရသွားပြီး အသုံးချမှာ ၊ ဒါမှမဟုတ် ဖျက်ဆီးလိုက် မှာကို စိုးရိမ်လို့ Spitfire တိုက်လေယဉ် အစင်း ၂၀ ကို မြှုပ်ထားခဲ့တာပါ။

အဲဒီလေယာဉ်တွေဟာ ဆင်တောင် မဆင်ရသေးတဲ့ လေယာဉ်တွေ ဖြစ်ပြီး အစိတ်အပိုင်း တွေကို သေတ္တာကြီးတွေနဲ့ ထည့်ပြီး မြှုပ်ထားခဲ့တာလို့ သိရပါတယ်။

စစ်ပြီးလို့ ဂျပန်တွေ လက်နက်ချပြီးတဲ့ နောက်မှာလဲ လေယာဉ်တွေ ဝှက်ထားခဲ့တာကို မေ့နေခဲ့ကြသလို၊ ဒီနောက်မှာလဲ မြန်မာနိုင်ငံမှာ ရာစုနှစ်တဝက်လောက် စစ်တပ် အုပ်ချုပ်မှု အောက်ကို ရောက်နေခဲ့ လို့ တူးဖေါ်ခွင့်မရခဲ့ပါဘူး။

Spitfire တိုက်လေယဉ်တွေဟာ ၁၉၄၀ ပြည့်လွန်နှစ်တွေက ဂျာမန်တိုက်လေယာဉ်တွေကို ယှဉ်ရာမှာ အနိုင်ရတဲ့ အောင်မြင်တဲ့ တိုက်လေယာဉ်တွေ အဖြစ် ကျော်ကြားပြီး ဂျာမဏီကို အံတုနိုင်တဲ့ အတွက် ဗြိတိသျှတို့ရဲ့ အမျိုးသားရေး လက္ခဏာတခု ဖြစ်လာခဲ့ပါတယ်။

အခု လောလောဆယ်မှာ ပျံသန်းနိုင်လောက်အောင် အခြေအနေ ရှိနေတဲ့ Spitfire တိုက်လေယဉ် တကမ္ဘာလုံးမှာ ၃၅ စင်းလောက်ဘဲ ရှိတယ်လို့ ယူဆရပါတယ်။

အခုလို လေယာဉ်တွေ ပြန်လည်တူးဖေါ်ရေးနဲ့ နောက်ပြီး လေကြောင်း ပျံသန်းမှု သမိုင်းမှာ အရေးပါဆုံးဖြစ်တဲ့ Spitfire တိုက်လေယာဉ်တွေ ပြန်လည် တပ်ဆင်ရေး လုပ်ငန်းတွေ ဟာ မြန်မာအစိုးရနဲ့ အတူ လုပ်ကိုင် ဆောင်ရွက်နိုင်မယ့် အခွင့်အလမ်း တခု ဖြစ်လိမ့်မယ်လို့ မျှော့်လင့်ကြောင်း ဗြိတိသျှ အရာရှိတဦးက ပြောပါတယ်။

ဒီကိစ္စကို ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်ရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်း မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံရာမှာ ဒီကိစ္စကို ထုတ်ဖေါ်ပြောဆိုခဲ့ကြတယ်လို့ သိရပါတယ်။