မဟာသင်္ကြန် အကြတ်နေ့ ဆင်နွဲ ကျင်းပ

  • 14 ဧပြီ 2012
ဓာတ်ပုံ မူပိုင် Reuters
Image caption ရန်ကုန်မြို့က သင်္ကြန် အကြတ်နေ့ မြင်ကွင်း

စနေနေ့ဟာ သင်္ကြန် အကျနေ့ ဖြစ်တာနဲ့ အညီ ပြည်တွင်း ပြည်ပက မြန်မာတွေ သင်္ကြန်ပွဲတော် ဆင်နွဲ နေကြပါတယ်။

ရန်ကုန်မြို့မှာတော့ ခါတိုင်းနှစ်တွေထက် ပိုစည်းကမ်း ရှိလာတယ်လို့ မြို့ထဲမှာ ရေပက်ခံ ထွက်ခဲ့တဲ့ အမျိုးသမီးလေးက ဘီဘီစီကို ပြောပြပါတယ်။

အနှစ် နှစ်ဆယ်ကျော်လောက် မကြားရတဲ့ သံချပ်သံတွေ ဒီနှစ် သင်္ကြန်မှာ ကြားခဲ့ရပြီး လူအများ စိတ်ဝင်တစား အားပေးခဲ့ကြတယ်လို့ ဆိုပါတယ်။

အစိုးရ ဝန်ကြီးရုံးတွေ စိုက်ရာ ပျဉ်းမနား နေပြည်တော်ရဲ့ သင်္ကြန်ပွဲတွေမှာလည်း အနုပညာ ရှင်တွေ အတော်များများ ရောက်နေပြီး အတော်လေး စည်ကားတယ်လို့ အဲဒီမှာ သွားဖျော်ဖြေ နေတဲ့ အဆိုတော် ကိုသားစိုးက ဘီဘီစီကို ပြောပါတယ်။

ရိုးရာ သင်္ကြန်ပွဲကို နှစ်စဉ်နှစ်တိုင်း အကြီးအကျယ် ဆင်နွဲလေ့ရှိတဲ့ မန္တလေးမြို့မှာတော့ ဒီနှစ်မှာ လူတွေ ပီတိနဲ့ ပျော်နေကြတာတွေ့ရတယ်လို့ မန္တလေး မြို့သူတဦးက ပြောပါတယ်။

ဝတ်စားဆင်ယင်မှုက အစ အဖွဲ့အစည်းလိုက် တူညီ ဝတ်စုံလေးတွေ ဝတ်ဆင်ထားကြတာ တွေ့ရသလို သရုပ်ပျက် ဝတ်စားဆင်ယင်မှုတွေလည်း ရှိနေပြီး အထူးသဖြင့် အမျိုးသမီး ငယ်တွေရဲ့ ဝတ်စားဆင်ယင်မှုက အတော်လေး ရုပ်ပျက်တာ တွေ့ရတယ်လို့ ပြောပြပါတယ်။

မန္တလေးမြို့မှာ အလှပြကားတွေ ခါတိုင်းလောက် မထွက်ပေမယ့် သံချပ်အဖွဲ့ နှစ်ဖွဲ့ ထွက်ခဲ့တာ ကို လူငယ် အတော်များများ လာရောက်အားပေးခဲ့ကြတယ်လို့ ပြောပါတယ်။

တရုတ်မြန်မာ နယ်စပ် တရုတ်နိုင်ငံဖက်ခြမ်း ကျယ်ကောင် ရွှေလီ ဖက်တွေမှာလည်း အတာ ရေသဘင် ပွဲတော်ကို စည်စည်ကားကား ဆင်နွဲနေကြပြီး မူဆယ်ဖက်က ဗမာ၊ ရှမ်းတွေနဲ့ အတူ တရုတ်လူမျိုးတွေကပါ လာရောက် လည်ပတ် ရေကစားကြတာကို တွေ့ရတယ်လို့ တရုတ်မြန်မာ နယ်စပ်က ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

တခါ အိန္ဒိယ မြန်မာ နယ်စပ်မှာလည်း အကြောင်းအမျိုးမျိုးကြောင့် အိန္ဒိယနိုင်ငံမှာ ရောက်နေကြတဲ့ ရခိုင်လူမျိုးတွေက ရခိုင် သင်္ကြန်ပွဲ ဆင်နွဲခဲ့ကြသလို ဗမာတွေကလည်း ဗမာ့နည်း ဗမာ့ဟန်နဲ့ ရေကစားခဲ့ကြပါတယ်။