သမ္မတ ဦးသိန်းစိန်ကို ငြိမ်းချမ်းရေးဆု ချီးမြှင့်

  • 15 ဧပြီ 2012
ဓာတ်ပုံ မူပိုင် AP
Image caption ငြိမ်းချမ်းရေး ပိုဆောင်ရွက်နိုင်အောင် ရည်ရွယ် ပြီး သမ္မတ ဦးသိန်းစိန်ကို ဆုချီးမြှင့်ခဲ့

မဟာ သင်္ကြန် ဒုတိယ အကြတ်နေ့မှာ ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ရှိတဲ့ မြန်မာ ဘုန်းကြီးကျောင်းတွေမှာ အသံ မစဲ မဟာ ပဌာန်းပွဲတွေ ကျင်းပနေပါတယ်။

လန်ဒန်မြို့က သာသနရံသီ ဝိဟာရ ကျောင်းတိုက်ရဲ့ ၁၁ကြိမ်မြောက် မြန်မာ့ရိုးရာ သင်္ကြန်ပွဲကို စနေနေ့က Ealing မြို့တော်ခန်းမမှာ ကျင်းပခဲ့ရာမှာ ပရိသတ် တထောင်ကျော် တက်ရောက်ခဲ့ကြပါတယ်။

ဒီနှစ် ထူးခြားချက်ကတော့ နှစ်သစ်ကူး အထူးအစီအစဉ် အနေနဲ့ ချီးကျူး ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုခဲ့ရာမှာ ခါတိုင်း နှစ်စဉ် ချီးမြှင့်ခဲ့သလို လွတ်မြောက်ရေးအတွက် ဆုမျိုးမဟုတ်ပဲ ဒီနှစ်အတွက် ငြိမ်းချမ်းရေးဆု ဆိုပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကို ချီးမြှင့်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ တိုင်းရင်းသား အဖွဲ့တွေရော၊ ဒေါ်အောင်ဆန်းစုကြည် ရော၊ အစိုးရ ကိုယ်တိုင်ပါ ငြိမ်းချမ်းရေး အတွက် ကြိုးပမ်း ဖေါ်ဆောင်နေကြတာ တွေ့ရကြောင်း၊ ဒါပေမယ့် ငြိမ်းချမ်းရေး ရရေးမှာ အဓိက ကျတာက အစိုးရ ကိုယ်တိုင် ဖြစ်တာကြောင့် အစိုးရအဖွဲ့ ခေါင်းဆောင် သမ္မတ ဦးသိန်းစိန်ကို အခုလို ငြိမ်းချမ်းရေးဆု ချီးမြှင့် ခဲ့တာလို့ လန်ဒန် သာသနရံသီ ဆရာတော် ဦးဥတ္တရက ဘီဘီစီကို မိန့်ပါတယ်။

ကချင်ဒေသမှာ တိုက်ခိုက်မှုတွေ ဆက်ဖြစ်နေဆဲ ဆိုတာ တွေ့ရကြောင်း၊ ဒါပေမယ့် ငြိမ်းချမ်းရေး ဆိုတာ ချက်ချင်း တခါတည်း လုပ်ရုံနဲ့ အကောင်အထည် မပေါ်နိုင်ပဲ တဆင့်ချင်း လုပ်ဆောင်သွားဖို့ လိုကြောင်း၊ ဒါ့ကြောင့် ငြိမ်းချမ်းရေးကို သမ္မတ ဦးသိန်းစိန် အားကြိုးမာန်တက် ရှေ့ဆက် ဖေါ်ဆောင်နိုင်အောင် အားပေးတဲ့အနေနဲ့ အခုလို ငြိမ်းချမ်းရေးဆု ချီးမြှင့်ခဲ့တာလို့ မိန့်ပါတယ်။

သမ္မတ ဦးသိန်းစိန်ကို ငြိမ်းချမ်းရေးဆု ချီးမြှင့်ကြောင်း အကြောင်းကြားစာကို သမ္မတကြီးဆီ လိပ်မူပြီး လန်ဒန် မြန်မာ သံရုံးကနေတဆင့် ပေးပို့မယ်လို့ သိရပါတယ်။

ဒီနှစ် သာသနရံသီ ကျောင်းတိုက်ရဲ့ သင်္ကြန်ပွဲကို ဗြိတိန်နိုင်ငံ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ကိုယ်တိုင် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။