သန်လျင် NLD လူငယ်တွေ သင်္ကြန်မှာ တိုက်ခိုက်ခံရ

  • 16 ဧပြီ 2012
88G Thingyan ဓာတ်ပုံ မူပိုင် 88G
Image caption ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့တွေ သန်လျင်က အပြန် (ဓာတ်ပုံ - 88 Generation)

သန်လျင်မြို့နယ်မှာ ရှိတဲ့ အဲန်အယ်လ်ဒီ လူငယ်တွေ ရေကစား မဏ္ဍပ် တနင်္ဂနွေနေ့ ညနေ သိမ်းအပြီးမှာပဲ လူ တစု ရောက်လာပြီး ဝင်ရိုက်နှက်လို့ အဖွဲ့ဝင်တချို့ ဒဏ်ရာတွေ ရသွားကြပါတယ်။

ခုလို ဖြစ်ရတာကလဲ ကိုမင်းကိုနိုင် အပါအဝင် ၈၈ မျိုးဆက်ကျောင်းသားတွေရဲ့ ယာဉ်တန်း အဲဒီ မဏ္ဍပ်ကိုရောက်အပြီး ပြန်ထွက်စမှာ ဖြစ်သွားတာလို့ သန်လျင်မြို့နယ် အဲန်အယ်လ်ဒီ လူငယ်အဖွဲ့က ကိုညီညီဉီးက ဘီဘီစီကို ပြောပါတယ်။

ကိုမင်းကိုနိုင်တို့ အဖွဲ့ သန်လျင် ဘုရားကြီးဖက်ကို ဖျော်ဖြေရေး သွားရောက်ပြီး ညနေ ၆ နာရီလောက် မဏ္ဍပ်ရှေ့ကို ရောက်လာလို့ မဏ္ဍပ်မှာရှိတဲ့ အဲန်အယ်လ်ဒီ လူငယ်တွေက နှုတ်ဆက်နေတုန်း တဖက်က ဘီအမ် ဘတ်စ်ကားတစီး ရောက်လာပြီး အဲဒီက လူ ၁၀ ယောက်လောက် ဆင်းလာပြီး လူငယ်တွေကို စ ရိုက်နှက်ခဲ့တာလို့ ကိုညီညီဦးက ပြောပါတယ်။

ကိုမင်းကို နိုင်နဲ့ အဖွဲ့ကတော့ ကား စထွက်နေပြီမို့လို့ အတိုက်ခိုက် မခံလိုက်ရဘူးလို့ ဆိုပါတယ်။

ဝင်ရိုက်တဲ့ လူတွေထဲမှာ တယောက်က ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ တံဆိပ်ပါတဲ့ တီရှပ်ကို ဝတ်ထားတယ်လို့လဲ ကိုညီညီဦးက ပြောပါတယ်။

အရိုက်ခံလိုက်ရတဲ့ လူငယ်တွေကို သန်လျင်ဆေးရုံကို ခေါ်သွားပြီး ဆေးကုသမှုခံခဲ့ရတယ်၊ ရဲစခန်းမှာလည်း တိုင်ချက်ဖွင့်ခဲ့လို့ အခုတော့ ၅ ယောက်ကို ဖမ်းဆီးထားပြီလို့ သိရပါတယ်။

၈၈မျိုးဆက်ကျောင်းသား အဖွဲ့ယာဉ်တန်းနဲ့ ပါသွားတဲ့ ကိုဂျင်မီကတော့ သူတို့ အဖွဲ့သားတွေ အားလုံး အဲဒီ သန်လျင်မှာ ဘာဖြစ်ခဲ့တယ်ဆိုတာ မသိပါဘူး၊ သူတို့နဲ့လဲ ဆက်စပ်မှု ရှိတယ်လို့ မထင်ပါဘူးလို့ ဘီဘီစီကို ပြောပါတယ်။

သန်လျင်က အဲန်အယ်လ်ဒီ လူငယ် ကိုညီညီဦးကတော့ ကိုမင်းကိုနိုင်တို့ ယာဉ်တန်းရောက်လာအပြီး အခုလို ဝင်တိုက်ခိုက်သူတွေ ရောက်လာတယ်ဆိုတာကို က စဉ်းစားစရာ ဖြစ်နေတယ်လို့ ပြောခဲ့ပါတယ်။