ကျမ်းကျိန်ဖို့ စကားအသုံး အနှုန်း မပြင်ရင် NLD လွှတ်တော် မတက်

  • 16 ဧပြီ 2012

ဖွဲ့စည်းပုံ အခြေ ခံ ဥပဒေနဲ့ ပတ်သက်တဲ့ စကားလုံး အသုံး အနှုန်း ကို ဘယ်လို ပြင်ဆင်ရင် ရနိုင်တယ် ဆိုတဲ့ အကြံ ပြုချက်ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က နိုင်ငံတော် သမ္မတ ဆီကို စာပေးပို့ခဲ့ တယ်လို့ NLD ပါတီက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ကြားဖြတ် ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်း စုကြည်နဲ့ NLD ပါတီ အပြတ် အနိုင် ရခဲ့

စာထဲမှာ ပါတဲ့ အကြောင်း အရာအသေးစိတ်ကို မပြောနိုင်ပေမဲ့ ရွေးကောက်ခံ အန်အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည် နဲ့ အမတ်တွေ ကျမ်းကျိန် ရေးမှာ ဖွဲ့စည်းပုံ အခြေ ခံ ဥပဒေနဲ့ ပတ်သက်တဲ့ စကားလုံး အသုံး အနှုန်း ကို ဘယ်လို ပြင်ဆင် နိုင်တယ် ဆိုတဲ့ အကြံ ပြုချက် ပြီးခဲ့တဲ့ နှစ်ရက်ကပဲ ပေးပို့ခဲ့ တယ်လို့ NLD ပါတီ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြော ပါတယ်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ကာကွယ် စောင့်ရှောက်ပါမည် ဆိုတဲ့ စကားလုံး အစား လေးစား လိုက်နာ ပါမည် ဆိုတဲ့ စကားနဲ့ အစားထိုး လို့ ပြီးမှသာ NLD အမတ်တွေ အနေနဲ့ ကျမ်းကျိန် နိုင်မှာ ဖြစ်တယ်လို့ NLD ဘက်က ပြော ပါတယ်။

ဧပြီ ၂၃ ရက်မှာ ပြန်လည် စတင်မယ့် လွှတ်တော် အစည်း အဝေးကို တက်ရောက်ဖို့ NLD အမတ်တွေ ဖိတ်ကြားခံထားကြရပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီ စကား အသုံး အနှုန်းကို ပြင်ဆင်မှု မပြုမချင်း အမတ်တွေ လွှတ်တော် ထဲ ဝင်ကြမှာ မဟုတ်ဘူးလို့ လည်း ဦးဉာဏ်ဝင်းက ပြော ပါတယ်။

လောလောဆယ် သမ္မတ ဘက်က အကြောင်း ပြန်ကြားခြင်း မရှိသေးပေမဲ့ ဒီကိစ္စ ပြေလည် သွားမယ်လို့ ယူဆကြောင်း လည်း ဦးဉာဏ်ဝင်းက ပြော ပါတယ်။