သြစတြေးလျှ၊ နော်ဝေး ပိတ်ဆို့မှု တချို့ ရုပ်သိမ်း

  • 16 ဧပြီ 2012
Port ဓာတ်ပုံ မူပိုင် Reuters
Image caption သြစတြေးလျှက မြန်မာနဲ့ ကုန်သွယ်ရေးလည်း ပြန်စမယ်

ပြီးခဲ့တဲ့ တစ်နှစ်တာ ကာလ အတွင်း မြန်မာ နိုင်ငံက နိုင်ငံရေး ပြုပြင် ပြောင်းလဲ မှုတွေကို အသိအမှတ် ပြုတဲ့အနေနဲ့ သြစတြေးလျှ အစိုးရဟာ မြန်မာ နိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှု တချို့ကို ရုပ်သိမ်း လိုက်ပါတယ်။

သမ္မတ ဦးသိန်းစိန် နဲ့ လူ ၂၆၀ အပေါ် ချမှတ်ထားတဲ့ ဘဏ္ဍာရေးဆိုင်ရာ ပိတ်ပင်မှုနဲ့ ခရီးသွားလာခွင့် ပိတ်ပင်မှုတွေကို ရုပ်သိမ်း တော့မယ့်အကြောင်း သြစတြေးလျှ နိုင်ငံခြားရေး ဝန်ကြီး ဘော့ဘ် ကားက ပြောပါတယ်။

ဒါပေမယ့် စစ်တပ်အရာရှိကြီးတွေအပါအဝင် တခြား လူ ၁၃၀ အပေါ်မှာတော့ ပိတ်ဆို့မှုတွေ ဆက်လက်ထားရှိဦးမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ပိတ်ဆို့မှုတချို့ ရုပ်သိမ်းရာမှာ နှစ်နိုင်ငံ ကုန်သွယ်ရေးတွေ ကိုလည်း ပုံမှန် ပြန်ဖြစ်အောင် လုပ်ဖို့ အစီအစဉ်လည်း ပါဝင်ပါတယ်။

နော်ဝေးလည်း ပိတ်ဆို့မှုတွေ ဆိုင်းငံ့

နော်ဝေးအစိုးရကလည်း မြန်မာအပေါ်ထားတဲ့ ပိတ်ဆို့မှု တချို့ကို ဆိုင်းငံ့ကြောင်း ကြေငြာလိုက်ပြီး အထူးသဖြင့် ဗီဇာပိတ်ပင်တာနဲ့ စီးပွားရေးပိတ်ပင်မှုတွေကို ဆိုင်းငံ့လိုက်ပါတယ်။

ဒါပေမယ့် ဥရောပသမဂ္ဂက မြန်မာအပေါ် လက်ရှိ ပိတ်ဆို့ထားတဲ့ မူတွေနဲ့တော့ ကိုက်ညီအောင် လုပ်ဆောင်မှာ ဖြစ်ပြီး မြန်မာအပေါ် လက်နက်ရောင်းဝယ်မှု၊ စိန် နဲ့ သစ် စီးပွားရေး လုပ်ငန်းတွေ ကိုတော့ ဆက်လက် ပိတ်ပင်ထားဦးမှာ ပါတယ်။

ဥရောပ သမဂ္ဂကလည်း အခုသီတင်းပတ် နှောင်းပိုင်းမှာ ပိတ်ဆို့မှုအပါအဝင် မြန်မာအပေါ် ထားတဲ့ မူဝါဒနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ဖို့ ရှိပါတယ်။

သင်္ကြန် အကျနေ့က မြန်မာနိုင်ငံကို ရောက်ခဲ့တဲ့ ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းကလည်း မြန်မာအပေါ် ထားတဲ့ ပိတ်ဆိုမှုတွေ ဆိုင်းငံ့ထားဖို့ ထောက်ခံခဲ့ပါတယ်။