ကော့မှူး ပြည်သူတွေကို ဒေါ်စု ကျေးဇူးတင်

  • 17 ဧပြီ 2012

အန်အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က ဒီကနေ့ ကျရောက်တဲ့ မြန်မာ နှစ်ဆန်း ၁ ရက်နေ့မှာ သူ့ကို လွှတ်တော်ထဲက နိုင်ငံရေး လမ်းကြောင်း ပေါ် ရောက်အောင် ရွေးကောက် တင်မြှောက် ခဲ့ကြတဲ့ ပြည်သူ လူထုကို ကျေးဇူးဆပ်တဲ့ အနေနဲ့ ကော့မူး မြို့နယ် ပြည်သူ တွေနဲ့ တွေ့ဆုံပြီး ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း ရန်ပုံငွေ တွေကို လှူဒါန်းခဲ့ ပါတယ်။

ဓာတ်ပုံ မူပိုင် AP
Image caption ဒေါ်အောင်ဆန်း စုကြည်နဲ့ အနုပညာရှင်များ

မြို့နယ် အတွင်းမှာ ရှိတဲ့ ကျေးရွာ တွေက တစ်ရွာ ကနေ သက်ကြီး ရွယ်အို တစ်ယောက်ကျစီ ဖိတ်ခေါ် ကံစမ်းမဲ ဖောက်ရာမှာ မဲပေါက်သူ တွေကို ကျေးရွာ ဖွံ့ဖြိုးရေး လုပ်ဆောင်ဖို့ ရန်ပုံငွေ လှူဒါန်းတာ ဖြစ်ပါတယ်။

ပထမဆု မဲပေါက်သူက ငွေကျပ် ၁၇၅ သိန်း၊ ဒုတိယဆုက ကျပ် ၇၅ သိန်းနဲ့ တတိယ ဆုမဲက ကျပ်သိန်း ၅၀ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်း စုကြည်က သူ့ရဲ့ ကော့မှူး ခရီးစဉ်မှာ ဒေသခံတွေ ပျော်ရွှင် စေရအောင် အနုပညာရှင်တွေ ကိုလည်း လိုက်ပါ ဖျော်ဖြေ ပေးဖို့ ခေါ်ဆောင် သွားခဲ့ ပါတယ်။

ဒေသခံတွေက ဒေါ်အောင်ဆန်းစုကြည်ကို ဝမ်းသာ အားရ လာရောက် တွေ့ဆုံ ခဲ့ကြသလို အနုပညာရှင် တွေရဲ့ ဖျော်ဖြေမှု ကိုလည်း ပျော်ပျော်ရွှင်ရွှင် လာရောက် အားပေးခဲ့ကြ တယ်လို့ ဖျော်ဖြေ ရာမှာ ပါတဲ့ အဆိုတော် သံသာဝင်းက ပြောပါတယ်။

သွားရောက် ဖျော်ဖြေ ခဲ့ကြတဲ့ အနုပညာရှင် ၁၀ ယောက်ကျော် လောက်မှာ ရုပ်ရှင် မင်းသား လူမင်း၊ ဝေဠုကျော်၊ ရဲဒီပတို့ အပြင် အဆိုတော်တွေ ဖြစ်ကြတဲ့ ဆောင်းဉီးလှိုင်၊ အနဂ္ဂ၊ သျှီ စသူတို့လည်း ပါဝင် တယ်လို့ အဆိုတော် သံသာဝင်းက ပြောပါတယ်။

ဒေါ်အောင်ဆန်း စုကြည် ကတော့ နေပူ ကျဲကျဲ အောက်မှာပဲ အနု ပညာရှင်တွေ သီဆို ဖျော်ဖြေ ကြတဲ့ စင်မြင့် အောက်က ကွင်းပြင်ထဲမှာ ပြည်သူတွေနဲ့ အတူ ထိုင်ပြီး အားပေး ကြည့်ရှု ခဲ့တာကြောင့် သူဟာ ပြည်သူ တွေနဲ့ တသားတည်း ဖြစ်တယ် ဆိုတာ တွေ့မြင် ရတယ်လို့ မသံသာဝင်းက ပြောပါတယ်။