တပ်သားတွေ လက်နက်ချခဲ့တာနဲ့ ပတ်သက်ပြီး KIO ရှင်းလင်း

  • 18 ဧပြီ 2012
Image caption လက်နက်ချသွားသူတွေဟာ ပြည်သူစစ်တွေသာ ဖြစ်တယ်လို့ ဦးလာနန်းပြော

KIA တပ်ဖွဲ့ဝင် ၃၅ ဦး ပြီးခဲ့တဲ့ ဧပြီ လ ၁၆ ရက် က မြစ်ကြီးနားမြို့နယ် တာလောကြီး ကနေ လက်နက်မျိုးစုံ ၂၀ ကျော်နဲ့ အတူ မြန်မာအစိုးရ စစ်တပ်ထံ လက်နက်ချ သွားတဲ့ ကိစ္စနဲ့ ပတ်သက် ပြီး KIO တာဝန်ရှိသူက ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ ပြန်လည် ရှင်းလင်း ပြောကြားခဲ့ပါတယ်။

အဲဒီ လက်နက်ချသွားတဲ့ သူတွေဟာ ကျေးရွာ လုံခြုံရေး အတွက် ခေါ်ပြီး ရက် ၄၀ သင်တန်း ပေးကာ လက်နက် တပ်ဆင်ထားတဲ့ ပြည်သူစစ်တွေသာ ဖြစ်ကြောင်း KIO တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးလာနန်းက ဘီဘီစီကို ပြောပါတယ်။

လက်နက်ချရခြင်း အကြောင်းရင်းကတော့ တာလောကြီးမှာ ရှိတဲ့ ခလရ ၃၇ ကနေ၊ ဒီပြည်သူ့စစ်တွေရဲ့ မိဘတွေဆီကို သွားပြီး သင်္ကြန်ပြီးတာနဲ့ စစ်ဆင်ရေးမြှင့်တော့မှာ ဖြစ်လို့ အဲဒီလူငယ်တွေကို ပြန်ခေါ်ဖို့ ဖိအားပေးခဲ့တာလို့ သိရကြောင်း သူကပြောပါတယ်။

နောက်ပြီး တချို့ကြတော့လည်း သင်္ကြန်မှာ ပြန်ပြီး ပျော်ရွှင်ချင်ကြတဲ့အတွက် ခွင့်တောင်း ရာမှာ တာဝန်ရှိသူတွေနဲ့ နားလည်မှု လွဲရာကနေ ပြန်ဝင်သွားကြတာလို့ ဆိုပါတယ်။

မြို့ပေါ်မှာ အစိုးရစစ်တပ် ရှိနေတာဖြစ်တဲ့ အတွက် သူတို့ကို ပြန်ခွင့် ပေးလိုက်ရင် ပြဿနာ ဖြစ်မှာ စိုးရိမ်တဲ့အတွက် တာဝန်ရှိသူတွေက မလွှတ်တာ ဖြစ်တယ်လို့ ဦးလာနန်းက ပြောပါတယ်။

အခုလို ပြည်သူစစ်တွေ ပြန်ဝင်သွားကြတဲ့အတွက် သူတို့နေထိုင်တဲ့ ရွာတွေကို သွားပြီး အပြစ်ပေးတာမျိုး လုပ်မှာ မဟုတ်ဘူးလို့လည်း ဦးလာနန်းက ပြောပါတယ်။