အီးယူက မြန်မာအပေါ် ပိတ်ဆို့မှုတွေ ဆိုင်းငံ့မယ်

  • 19 ဧပြီ 2012
Cameron ဓာတ်ပုံ မူပိုင် afp getty
Image caption ဗြိတိန်ဝန်ကြီးချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့စဉ်က ပိတ်ဆို့မှု ဆိုင်းငံ့ဖို့ ပြောခဲ့ကြ

ဥရောပသမဂ္ဂ အီးယူ ကနေ မြန်မာအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့အရေးထားမှု အများစုကို ဆိုင်းငံ့ထားဖို့ အီးယူအရာရှိတွေကြား ပဏာမ သဘောတူညီမှု ရရှိထားပြီးပြီလို့ သိရပါတယ်။

ဒီဆိုင်းငံ့မှုဟာ တစ်နှစ်တာ ကြာမြင့်မှာ ဖြစ်ပြီး အဲဒီကာလအတွင်း မြန်မာပြည်က အခြေအနေ တွေကို လေ့လာ စောင့်ကြည့်မယ်လို့ သိရ ပါတယ်။

နောက်တပတ်ကျရင် ဥရောပသမဂ္ဂ အတွင်း နိုင်ငံခြားရေး ဝန်ကြီးတွေ တွေ့ဆုံတဲ့အခါ ဒီသဘောတူညီမှုကို အတည်ပြုကြဖို့ ရှိတယ်လို့ အီးယူ အရာရှိတစ်ဦးက ပြောပါတယ်။

ဒီပိတ်ဆို့မှု ဆိုင်းငံ့မယ့်အထဲမှာ မြန်မာအစိုးရ အရာရှိကြီးတွေနဲ့ ပိတ်ဆို့ခံထားရသူတွေ ဥရောပ လာရောက်ခွင့် ပြန်ပေးတာ၊ အစိုးရအရာရှိတွေရဲ့ ဥရောပတွင်း ပိုင်ဆိုင်မှုကို မထိမ်းချုပ်တော့တာ၊ မြန်မာပြည်ကနေ ဥရောပကို ပစ္စည်းတွေ တင်ပို့ ရောင်းချခွင့် ပြန်ပေးတာ၊ ရင်းနှီးမြှုပ် နှံမှုတွေ ပြန်ခွင့်ပြုတာ နဲ့ ဖွံ့ဖြိုးရေး အကူအညီတွေ ပြန်ပေး မှာမျိုးတွေ ပါဝင်ဖို့ ရှိပါတယ်။

ဒါပေမယ့် စစ်လက်နက် ပစ္စည်း အရောင်း အဝယ်ကိုတော့ ပိတ်ဆို့ ထားဦးမှာ ဖြစ်ပါတယ်။

အမေရိကန်၊ သြစတြေးလျနဲ့ နော်ဝေးတို့ကလည်း ပြီးခဲ့တဲ့ ရက်ပိုင်းတွေကပဲ သူတို့ရဲ့ ပိတ်ဆို့မှုတချို့ကို ရုပ်သိမ်းတာ ဆိုင်းငံ့တာတွေ လုပ်ခဲ့ပါတယ်။

မဟာ သင်္ကြန် အကျနေ့က ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်း မြန်မာပြည်ကို သွားရောက်ခဲ့ပြီး ပိတ်ဆို့မှုတွေ ဆိုင်းငံ့သင့်ကြောင်း ပြောဆိုခဲ့သလို ဒေါ်အောင်ဆန်း စုကြည်ကလည်း သဘောတူ ထောက်ခံခဲ့ပါတယ်။