NLD အမတ်တွေ လွှတ်တော် တက်ရေး အဖြေ မထွက်သေး

  • 19 ဧပြီ 2012

ပြီးခဲ့တဲ့ ကြားဖြတ် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ကြတဲ့ အန်အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်နဲ့ ရွေးကောက်ခံ လွှတ်တော် အမတ်တွေဟာ လာမယ့် ဧပြီ ၂၃ ရက်မှာ ပြန်လည် စတင်မယ့် မယ့် လွှတ်တော် အစည်း အဝေး တွေကို တက်ရေး မတက်ရေး နဲ့ ပတ်သက်လို့ ကြာသပတေး နေ့မှာ ဆုံးဖြတ်ဖို့ ရှိခဲ့ ပေမဲ့ အဖြေ ထွက်မလာခဲ့ သေးပါဘူး။။

ဓာတ်ပုံ မူပိုင် AFP
Image caption ရွေးကောက်ပွဲ အနိုင်ရပြီးချိန် ပြည်သူတွေနဲ့ အတူ တွေ့ရတဲ့ ဒေါ်ဖြူဖြူသင်း

လောလောဆယ်မှာ အန်အယ်လ်ဒီ ဗဟို ကော်မီတီဝင် တစ်ယောက် ဖြစ်တဲ့ ဦးဉာဏ်ဝင်းက လွှတ်တော်ထဲ မဝင်ခင် အန်အယ်လ်ဒီ အမတ်တွေ ကျမ်းကျိန်ကြရမယ့် စကားလုံး အသုံး အနှုန်းကို ပြင်ဆင်ရေး ညှိနှိုင်းဖို့ အတွက် နေပြည်တော်ကို သွားရောက် ဆွေးနွေး နေတယ်လို့ အန်အယ်လ်ဒီ ဘက်က ပြောပါတယ်။

ကြာသပတေးနေ့ကတော့ ရွေးကောက်ခံ အမတ်တွေ အားလုံး အန်အယ်လ်ဒီ ရုံးချုပ်မှာ စုရုံးပြီး အခြေခံ ဥပဒေ ဆိုင်ရာ ဆွေးနွေးပွဲနဲ့ သင်တန်း တစ်ခု ပြုလုပ်ခဲ့ကြ ပါတယ်။

နှစ်ရက် ကြာပြုလုပ်မယ့် အဲဒီ သင်တန်းမှာ ဗဟိုကော်မီတီဝင် ဖြစ်တဲ့ အန်အယ်လ်ဒီ ဥပဒေ အထောက်အကူပြု အဖွဲ့ဝင် ဖြစ်တဲ့ ဦးဝင်းမြင့်က ဦးအုန်းကြိုင် နဲ့ အတူ ဥပဒေ ရေးရာ သင်တန်း ပို့ချခဲ့တယ်လို့ မင်္ဂလာ တောင်ညွန့် မြို့နယ်က ရွေးကောက်ခံ ရတဲ့ အန်အယ်လ်ဒီ အမတ် ဒေါ်ဖြူဖြူသင်းက ပြောပါတယ်။

၂၃ ရက်နေ့မှာ ပြန်လည် စတင်မယ့် လွှတ်တော် အစည်း အဝေး တက်ဖြစ် မဖြစ် ဆိုတာနဲ့ ပတ်သက်လို့ ဒေါ်ဖြူဖြူသင်းကို မေးကြည့်တော့ အခု ညှိနှိုင်း ဆွေးနွေးမှုတွေ ပြေလည် သွားလိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြော ပါတယ်။

အခု အချိန်မှာ လွှတ်တော် ကို ဘယ်နေ့ တက်နိုင်မယ် ဆိုတာ ဆုံးဖြတ်နိုင်ခြင်း မရှိကြသေး တာသာ ဖြစ်ပြီး၊ သူတို့ တင်ပြချက်ကို တဘက်က လက်ခံတာနဲ့ အမတ်တွေ အားလုံး လွှတ်တော်ထဲ သွားကြမှာ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။