နမ့်ဆန် မှာ လူငယ်တဦး ကို ရဲတွေ က ဝိုင်းရိုက်ဖမ်းဆီး

  • 21 ဧပြီ 2012
ဓာတ်ပုံ မူပိုင် UGC
Image caption မြန်မာပြည် ရဲတပ်ဖွဲ့ နဲ့ ပတ်သက်လို့ မကောင်း သတင်း တွေ မကြာခဏ ကြားရတတ်လေ့ရှိ

ရှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့မှာ ပလောင် လူငယ် တဦးကို ရဲတွေ က ဝိုင်းရိုက်ဖမ်းဆီးမှု ဖြစ်ပွား ခဲ့ပြီး အဲဒီ လူငယ် ဦးခေါင်းတွင်း ဒဏ်ရာ ပြင်းထန် မလားလို့ စစ်ဆေးမှု တွေ ပြုလုပ် နေရ ပါတယ်။

နမ့်ဆန်မြို့ နမ့်ဝေါလ ရပ်ကွက် က အသက် ၂၀ ကျော်အရွယ် ပလောင် လူငယ် မိုင်နိုင်လင်း ဟာ ပြီးခဲ့တဲ့ နှစ်ဆန်း တရက်နေ့ ဧပြီလ ၁၇ ရက်နေ့ မှာ ရဲတွေ က သူထိုင်နေတဲ့ စားသောက်ဆိုင် အတွင်း က ဆွဲထုတ် ပြီး ဝိုင်းရိုက် တာကို ခံရတာ ကြောင့် ခေါင်းကွဲ သွားတဲ့ အပြင် ဦးခေါင်းအတွင်း ဒဏ်ရာ ရမှာ ကို စိုးရိမ် ရတာကြောင့် နမ့်ဆန် ဆေးရုံ ကနေ မန္တလေး ဆေးရုံ ကို အစစ်ဆေးခံ ဖို့ ပို့ လိုက်ရပါတယ်။

အဲဒီ နှစ်ဆန်း တရက် နေ့ က မိုင်နိုင်လင်း နဲ့ လူငယ် သူငယ်ချင်း တစု ထိုင်နေစဉ် အဲဒီနား ကဖြတ်သွားတဲ့ ရေပက်ခံ ဆိုင်ကယ် က မိန်းကလေး တဦး ကို ဆိုင်ထဲက နေ ရေပက် လိုက်လို့လား တခုခု လုပ်လိုက်သလား အကြောင်းရင်း မသဲကွဲပဲ အဲဒီမိန်းကလေး ဆိုင်ကယ် ပေါ်က ပြုတ်ကျသွားခဲ့ရ ပါတယ်။

အဲဒီနောက်ပိုင်း ရဲတွေ ရောက်လာပြီး မိုင်နိုင်လင်း က အဲသလို မိန်းကလေး ကို ဆိုင်ကယ် ပေါ်က ကျအောင် လုပ်တယ် ဆိုပြီး စွပ်စွဲ ရိုက်နှက်ခဲ့ကြတာပါ။

ဆိုင်ကယ် က ကျသွားတဲ့ မိန်းကလေး အနေနဲ့ အသေးစားထိခိုက်မှု က လွဲလို့ ဒဏ်ရာ ကြီးကြီးမားမား မရ ခဲ့ဘူး လို့ လည်း နောက်ပိုင်းမှာ သိရပါတယ်။

အခုလို ရဲတွေရဲ့ ရိုက်နှက်မှု ဟာ မတရား ရိုက်နှက်မှု ဖြစ်တဲ့ အတွက် မိုင်နိုင်လင်းရဲ့ မိသားစု က အထက်အဆင့်ဆင့် ကို တင်ပြ ပြီး ကာယကံရှင် ရဲတွေကို တရားစွဲဖို့ ပြင်ဆင်နေတယ် လို့ သိရပါတယ်။