မြန်မာတင်နေတဲ့ အကြွေး ဂျပန်လျှော်ပေးဖို့ သဘောတူ

  • 21 ဧပြီ 2012
ဓာတ်ပုံ မူပိုင် Reuters
Image caption သမ္မတ ဦးသိန်းစိန်နဲ့ ဂျပန် ခေါင်းဆောင်တွေ ဆွေးနွေးအပြီး သဘောတူခဲ့

ဂျပန်နိုင်ငံဟာ မြန်မာနိုင်ငံကနေ ရဖို့ရှိတဲ့ ကြွေးမြီ ဒေါ်လာ သန်း ၃၇၀၀ ကျော်ကို လျှော်ပေးဖို့နဲ့ ၊ မြန်မာနိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေး အကူအညီတွေ ပြန်ပေးဖို့ ကိုလည်း သဘောတူ လိုက်ပြီ ဖြစ်ပါတယ်။

မဲခေါင်ဒေသ ငါးနိုင်ငံနဲ့ ဂျပန် ထိပ်သီးဆွေးနွေးပွဲနောက်ပိုင်း မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ ဂျပန် ဝန်ကြီးချုပ် ယိုချီဟီကို နိုဒါ တို့ ဆွေးနွေးအပြီး အခုလို သဘောတူလိုက်တာ ဖြစ်ပါတယ်။

၁။ လူနည်းစုတိုင်းရင်းသားတွေအပါအဝင် မြန်မာပြည်သူတွေရဲ့ လူနေမှုဘဝ တိုးတက်ကောင်းမွန်ရေး ၊ ဆင်းရဲမှု လျော့ချရေးနဲ့ ကျေးလက်ဖွံ့ဖြိုးရေးအထောက်အကူပြုဖို့

၂။အရှည်တည်တံ့တဲ့ စီးပွားရေးတိုးတက်မှုနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်ပေါ်အောင် အထောက်အကူပြုဖို့

၃။မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲမှုတွေရဲ့ အကျိုးကို ပြည်သူတွေခံစားနိုင်ရေးအတွက် အခြေခံအဆောက်အအုံ တိုးတက်အောင် စတဲ့ ရည်ရွယ်ချက် ၃ ခုနဲ့ ဖွံ့ဖြိုးရေးအကူအညီတွေ ပြန်ပေးတာဖြစ်တယ်လို့ ဂျပန် နိုင်ငံခြားရေးဌာန သတင်းပြန်ကြားရေးအရာရှိ မစ္စတာ မာဆာရူ ဆာတိုက ဘီဘီစီကို ပြောပြပါတယ်။

နောက်ပြီး မြန်မာနိုင်ငံ ရန်ကုန်မြို့ကြီး အနီးမှာလည်း အထူး စီးပွားရေးဇုန် တခု တည်ဆောက်ရေး အစီအစဉ် ရေးဆွဲဖို့ အတွက်လည်း နှစ်နိုင်ငံ သဘောတူခဲ့ကြပါတယ်။

ရာစုနှစ် တဝက်နီးပါးလောက် စစ်အုပ်ချုပ် မှုအောက်မှာ ရှိနေခဲ့တဲ့ မြန်မာနိုင်ငံမှာ၊ ပြီးခဲ့တဲ့နှစ်က စလို့ သမ္မတ ဦးသိန်းစိန် အစိုးရသစ် တက်လာပြီး နောက်မှာတော့ နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင် ပြောင်းလဲမှုတွေကို စတင် ဆောင်ရွက်နေခဲ့တာ ဖြစ်ပါတယ်။

မဲခေါင်မြစ်ဝှမ်းအတွက်လည်းကူညီမယ်

မဲခေါင်မြစ်ဝှမ်းဒေသ နိုင်ငံတွေ အတွက် ဒေါ်လာ ၇ ဒသမ ၅ ဘီလီယံ နီးပါး အကူအညီ ပေးမယ်လို့လည်း ဂျပန်နိုင်ငံက ကတိပြုလိုက်ပါတယ်။

ဒီအကူအညီတွေဟာ မြန်မာ၊ ထိုင်း၊ လော၊ ကမ္ဘောဒီယားနဲ့ ဗီယက်နမ် နိုင်ငံတွေရဲ့ ဒေသတွင်း အခြေခံ အဆောက်အအုံတွေ ဖွံ့ဖြိုးတိုးတက်လာဖို့နဲ့ စီးပွားရေး အားကောင်း လာစေရေးတို့ အတွက် ဖြစ်တယ်လို့ ဂျပန် ဝန်ကြီးချုပ် ယိုရှီဟီကို နိုဒါက ပြောကြားပါတယ်။

ဒီအကူအညီတွေထဲမှာ ဂျပန်နိုင်ငံရဲ့ နည်းပညာနဲ့ လုပ်ငန်း ကျွမ်းကျင်မှု အစီအစဉ်တွေလည်း အတူပါဝင်မှာ ဖြစ်တယ်လို့ မစ္စတာ နိုဒါက ပြောကြားပါတယ်။

ဒီအကူအညီတွေကို တနှစ်တခါနဲ့ သုံးနှစ် ခွဲပေးမှာလည်း ဖြစ်ပါတယ်။

ဂျပန်နဲ့ တရုတ်နိုင်ငံတို့ဟာ ဒီမဲခေါင်ဒေသ နိုင်ငံတွေအပေါ် သြဇာညောင်းရေးအတွက် အဲဒီ ဒေသတွေမှာ ရင်းနှီးစိုက်ထုတ်မှုတွေကို နည်းလမ်းတခု အနေနဲ့ လုပ်နေတာ နှစ်အတော်ကြာ နေပြီ ဖြစ်တယ်လို့ သတင်းထောက်တွေက ပြောပါတယ်။