ကျမ်းသစ္စာကျိန်ဆိုရာမှာ စကားလုံးပြင်ဆင်ဖို့

  • 21 ဧပြီ 2012
_bbc_ ဓာတ်ပုံ မူပိုင် bbc
Image caption ပြည်သူ့လွှတ်တော်

ဧပြီလ ၂၃ ရက်နေ့မှာ ပြန်လည် စတင်မယ့် ပြည်သူ့လွှတ်တော် ကို ရွေးကောက်ခံ NLD အမတ်တွေ တက်ရောက်ရေး မှာ လွှတ်တော် ကိုယ်စားလှယ် အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုရာမှာ ပါဝင်တဲ့ စကားလုံး အသုံးအနှုန်း ပြင်ဆင်ရေး မပြေလည်သေးလို့ မရေမရာ ဖြစ်နေပါတယ်။

NLD ဘက် က တင်ပြချက်တွေ နဲ့ ပတ်သက်လို့ ဖွဲ့စည်းပုံ ဆိုင်ရာ ခုံရုံးက ရှင်းပြခဲ့တဲ့ အခါမှာ အချက်အလက် အားလုံးကို NLD ဘက်က သဘောကိုက်ညီမှု မရှိ တဲ့ အတွက် ထပ်မံကြိုးစား နေတယ်လို့ သိရပါတယ်။ အဆိုပါ စကားလုံး အသုံးအနှုန်း ကို ပြင်ဆင်ရေးမှာ ဖွဲ့စည်းပုံ အခြေခံဉပဒေ ပြင်ဆင်ခြင်း ပုဒ်မ ၄၃၆ (ခ) အရ လက်ရှိ လွှတ်တော် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော် က ပြင်ဆင်ပေးရင် ပြီးသွားနိုင်ကြောင်း ဆွီဒင် အခြေစိုက် တရားရုံးရှေ့နေ ဦးအောင်ထူး က ပြောပါတယ်။

ပြည်သူ့လွှတ်တော်မှာ အများစု ဖြစ်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ နဲ့ တပ်မတော် လွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့ မြန်မာပြည် ကို ဒီမိုကရေစီ နိုင်ငံ၊ စီးပွားရေး ဖွံ့ဖြိုးတဲ့ တိုင်းပြည် အဖြစ် အမှန်တကယ် တည်ဆောက် လိုတယ် ဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံ ဉပဒေ ရဲ့ အခြေခံကျတဲ့ ကျောရိုး ကို ပြင်ပေးနိုင်ကြောင်း ဦးအောင်ထူးက ဘီဘီစီ ကို ပြောပါတယ်။

ပြည်သူလူထု ဘက်ကလည်း အထက်ပါအချက် တွေ ကို ပြင်ဆင် စေလိုတဲ့ အတွက် NLD ကို ကြားဖြတ်ရွေးကောက်ပွဲ တုန်းက မဲပေးကြတာ ဖြစ်ကြောင်း ရှင်းပြပါတယ်။

ရွေးချယ်ခံ NLD လွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့ လွှတ်တော် မတက်ဘူးဆိုရင် ရည်ရွယ်ချက် ရှိရှိ နဲ့ ပျက်ကွက်တာ ဖြစ်တဲ့ အတွက် လုပ်ထုံးလုပ်နည်း အရ လွှတ်တော်ကိုယ်စားလှယ် အဖြစ်က ရပ်ဆဲ နိုင်ကြောင်း၊ NLD အနေနဲ့ လည်း ဖွဲ့စည်းပုံ အခြေခံဉပဒေ ရဲ့ အနှစ်သာရ ကို ပြင်ပြီးမှ လွှတ်တော်တက်မယ် ဆိုတဲ့ တောင်းဆိုမှု ပြုနိုင်ကြောင်း ဦးအောင်ထူးက ပြောပြပါတယ်။