ဒီသီတင်းပတ်ကုန် ဘန်ကီမွန်း မြန်မာပြည်သွားမယ်

  • 23 ဧပြီ 2012
ဓာတ်ပုံ မူပိုင်
Image caption ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း

မြန်မာနိုင်ငံက ဒီမိုကရေစီ ရေးရာ ပြုပြင် ပြောင်းလဲမှုတွေကို တွန်းအား ပေးရအောင် မကြာခင် မြန်မာနိုင်ငံကို သွားမယ်လို့ ပြီးခဲ့တဲ့ တနင်္လာနေ့တုန်းက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

သမ္မတ ဉီးသိန်းစိန်ရဲ့ ဖိတ်ကြားချက်ကို လက်ခံလိုက်ပြီလို့ မစ္စတာ ဘန်ကီမွန်းက ဆိုပြီး အခုလ သီတင်းပတ်ကုန်မှာ မြန်မာ နိုင်ငံကို သွားမယ်လို့ ပြောပါတယ်။

လာမယ့် စနေ တနင်္ဂနွေမှာ မစ္စတာ ဘန် မြန်မာပြည်ကို လာရောက်ပြီး ရက်အတော်ကြာ နေမယ်လို့ ကုလသမဂ္ဂ အရာရှိ တွေကလည်း ဆိုပါတယ်။

အမေရိကန် ပြည်ထောင်စု၊ ဥရောပ သမဂ္ဂနဲ့ တခြား နိုင်ငံတွေက မြန်မာ အပေါ် ပိတ်ဆို့ အရေးယူမှုတွေ လျှော့ပေးခဲ့တဲ့ အပေါ် မစ္စတာဘန်က ကြိုဆိုလိုက်ပြီး တိုင်းပြည်ကို အသစ် တဖန် ပြန်လည် တည်ဆောက်မှုတွေဟာ ခိုင်မာ တောင့်တင်းမှု မရှိသေးဘူးလို့လည်း သတိပေးထားပါတယ်။

မနေ့က တနင်္လာနေ့တုန်းကတော့ မြန်မာနိုင်ငံအပေါ် နှစ်ပေါင်းများစွာ အရေးယူပိတ်ဆို့ထားခဲ့တဲ့ ဥရောပ သမဂ္ဂက တနှစ်ကြာ ပိတ်ဆို့မှု ရပ်ဆိုင်းထားဖို့ ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။

တချိန်ထဲမှာ မြန်မာ နိုင်ငံမှာတော့ ကျမ်းကျိန်ရတဲ့ စကားရပ်တခုနဲ့ ပတ်သက်လို့ ကြားဖြတ် ရွေးကောက်ပွဲ အနိုင်ရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားလှယ်တွေ မနေ့က ပြန်လည် ဖွင့်လှစ်ခဲ့တဲ့ လွှတ်တော်ကို မတက်ရောက်ခဲ့ဘူးလို့ သိရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ အစိုးရ အဖွဲ့နဲ့ အတိုက်အခံကြား နှစ်ဖက် ပြေလည်အောင် ညှိနှိုင်း ဆောင်ရွက်သွားလိမ့်မယ်လို့ မျှော်လင့်ကြောင်း မစ္စတာ ဘန်က ပြောပါတယ်။

မစ္စတာဘန်ဟာ အခုပါနဲ့ဆို မြန်မာနိုင်ငံကို သွားရောက်တာ နှစ်ကြိမ် ရှိပြီ ဖြစ်ပေမယ့် ပြုပြင်ပြောင်းလဲမှု လုပ်ပြီး နောက်ပိုင်း သွားတာ ဒါဟာ ပထမဆုံး ဖြစ်ပါတယ်။