ကျမ်းကျိန်စာသားကိစ္စ လွှတ်တော်ကပဲ ဖြေရှင်းနိုင်ဖွယ်ရှိ

  • 23 ဧပြီ 2012
U Win Tin
Image caption NLD နာယက အဖွဲ့ဝင် ဦးဝင်းတင်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကနေ တောင်းဆိုထားတဲ့ ကျမ်းကျိန်စာသား ပြင်ဆင်ရေးကိစ္စဟာ လွှတ်တော်တွင်းက အများစုဖြစ်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေပေါ်မှာ မူတည်နေတယ်လို့ NLD နာယက အဖွဲ့ဝင် ဦးဝင်းတင်က ပြောပါတယ်။

NLD က ပါတီ မှတ်ပုံ တင်ဖို့ နဲ့ ရွေးကောက်ပွဲ ဝင်နိုင်ဖို့ သမ္မတ ဦးသိန်းစိန်နဲ့ ညှိနှိုင်း အဖြေရှာ နိုင်ခဲ့သလို အခု ကိစ္စမှာလည်း သမ္မတနဲ့ အရင်ဆုံး အဖြေရှာဖို့ ကြိုးစားခဲ့ကြောင်း၊ သမ္မတက တဆင့် ဖွဲ့စည်းပုံ ခုံရုံးက ဖြေရှင်းပေးဖို့ အကြံပေးခဲ့ပေမယ့် မအောင်မြင်ခဲ့ကြောင်း ဦးဝင်းတင်က ဘီဘီစီကို ပြောပါတယ်။

ဒါကြောင့် အခုကိစ္စဟာ လွှတ်တော်တွင်းကိုပဲ ရောက်သွားပြီလို့ ဆိုနိုင်ကြောင်း သူက သုံးသပ်ပါတယ်။

NLD ကိုယ်စားလှယ်တွေ လွှတ်တော် တက်နိုင်ရေးကိစ္စမှာ ကြံ့ခိုင်ရေးနဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေက အမြှော်အမြင်ရှိရှိ ဆင်ခြင်တုံ တရားရှိရှိနဲ့ လုပ်ဆောင်ကြမလား၊ သင့်တင့် လျောက်ပတ်တဲ့ အဖြေတစ်ခု ရအောင် ရှာမယ်ဆိုပြီး စဉ်းစား လုပ်ဆောင်ကြ မလား ဆိုတဲ့အပေါ် မူတည်နေကြောင်းလည်း NLD နာယက အဖွဲ့ဝင် ဦးဝင်းတင်က ပြောပါတယ်။

အခြေခံဥပဒေထဲက ဥပဒေတစ်ရပ်ရပ်ကို ပြင်ဆင်ဖို့ ဆိုရင် လွှတ်တော်အတွင်းက အမတ် ၇၅ ရာခိုင်နှုန်းက ထောက်ခံ အတည်ပြုပေးရမှာ ဖြစ်ပါတယ်။

တကယ်လို့ ကြံ့ခိုင်ရေးက လက်ရှောင် မယ်ဆိုရင်တော့ လွှတ်တော်ထဲမှာ လမ်းပိတ်သွားတဲ့ အနေအထား ရောက်နိုင်တယ်လို့ ဦးဝင်းတင်က ခန့်မှန်း သုံးသပ်ပါတယ်။

ဒါပေမယ့် လွှတ်တော်တွင်းကို ရောက်သွားပြီလို့ ဆိုနိုင်ပေမယ့် ဒီကိစ္စဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေရဲ့ ဥပဒေ တစ်ရပ်ကို ပြင်တာမျိုး မဟုတ်ပဲ စကားလုံး တလုံးရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက် အသုံးအနှုန်းကိုပဲ ပြင်ဆင်တာဖြစ်လို့ အဲဒီလို ယူဆပြီး ပြင်နိုင်မယ်ဆိုရင် ရာခိုင်နှုန်း လိုအပ်ချက် မလိုပဲ အဆင်ပြေ နိုင်ကြောင်းလည်း NLD နာယက အဖွဲ့ဝင် ဦးဝင်းတင်က ထောက်ပြပါတယ်။