NLD အမတ်တွေ မပါပဲ၊ လွှတ်တော် အစည်းအဝေးတွေ ပြန်လည်စတင်

  • 23 ဧပြီ 2012
ဓာတ်ပုံ မူပိုင် AFP
Image caption ကျမ်းကျိန်တဲ့ စကားလုံး မပြင်ပေးတဲ့ အတွက် NLD အမတ်တွေ လွှတ်တော် မတက်

နေပြည်တော်က လွှတ်တော်အစည်းအဝေး တွေကို ရွေးကောက်ခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD လွှတ်တော်အမတ်တွေ တက်ရောက်ခြင်း မရှိပဲ ပြန်လည် စတင်ခဲ့ပြီ ဖြစ်ပါတယ်။

လွှတ်တော်အမတ်တွေ ကျမ်းသစ္စာ ကျိန်ဆိုတဲ့ အခါ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို 'ကာကွယ် စောင့်ရှောက်'ပါမည် ဆိုတဲ့ စကားလုံး အစား 'လေးစားလိုက်နာ' ပါမည်ဆိုတဲ့ စကားနဲ့ အစားထိုးဖို့ NLD က တောင်းဆို ထားပေ မယ့်လည်း ပြင်ဆင်မှု မရှိသေးတဲ့ အတွက် အခုလို မတက်ရောက်ခြင်း ဖြစ်ပါတယ်။

အာဏာရ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးကတော့ ရွေးကောက်ပွဲဝင်ရခြင်း အကြောင်းဟာ လွှတ်တော်ထဲဝင်ချင်လို့လား ဒါမှမဟုတ် စာသား ပြင်ချင်လို့လား ဆိုပြီး မေးခွန်း ထုတ်သွားပါတယ်။

အခုလို NLD လွှတ်တော်ကိုယ်စားလှယ်တွေ လွှတ်တော် အစည်းအဝေး မတက်ရောက်ဖြစ်တဲ့ ကိစ္စကို လွှတ်တော်မှာ တင်ပြ ဆွေးနွေးမယ်လို့ RNDP ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ ဥက္ကဌ ဒေါက်တာအေးမောင်က ပြောပါတယ်။

ကျားဖြူပါတီလို့ လူသိများတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီရဲ့ ပြည်သူ့ လွှတ်တော်အမတ် ဒေါ်နန်းဝမ်နု ကတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လွှတ်တော်ထဲ အရင်လာပြီးမှ ပြင်စရာ ရှိတာတွေကို ပြင်ပါလို့ အကြံပြုပါတယ်။

အီးယူ နိုင်ငံခြားရေး မူဝါဒရေးရာ အကြီးအကဲ ကက်သရင်း အက်ရှ်တန် ကလည်း မြန်မာနိုင်ငံ ရဲ့ လွှတ်တော် အစည်းအဝေးနဲ့ ပတ်သက်ပြီး အနီးကပ် စောင့်ကြည့်နေကြောင်းနဲ့ မြန်မာ နိုင်ငံကို ရှေ့အပတ် အကုန် သူ သွားရောက်မှာ ဖြစ်တယ်လို့ ပြောကြားပါတယ်။

အီးယူကတော့ ပိတ်ဆို့မှုအများစုကို ဆိုင်းငံ့

အီးယူ ဥရောပသမဂ္ဂ မှာတော့ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှု အများစု ကို တနှစ်ကြာ ဆိုင်းငံ့ထားဖို့အတွက် အီးယူ နိုင်ငံခြားရေးဝန်ကြီးတွေဟာ တရားဝင် သဘောတူလိုက်ကြပြီ ဖြစ်ပါတယ်။

ရာစုနှစ်တဝက်လောက် စစ်အုပ်ချုပ်မှု အောက်မှာ ရှိနေတဲ့ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ နှစ်က ဦးသိန်းစိန်အစိုးရ တက်လာပြီး ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေ စတင်ဆောင်ရွက်ခဲ့ တာကို အသိအမှတ်ပြုတဲ့ အနေနဲ့ အခုလို ပိတ်ဆို့မှုတွေကို ဆိုင်းငံ့ ပေးလိုက်တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း မြန်မာနိုင်ငံအပေါ် လက်နက်ရောင်းချမှု ပိတ်ပင်ထားမှုတွေ ကိုတော့ ဆက်လက် ထားရှိမှာ ဖြစ်ပါတယ်။