တရားစီရင်ရေး မဏ္ဍိုင် ကြံ့ခိုင်ရေး အကြိတ် အနယ် ဆွေးနွေး

  • 24 ဧပြီ 2012

ပါလီမန် လွှတ်တော် အစည်း အဝေးတွေ ပြန်လည် ကျင်းပတဲ့ ဒုတိယမြောက် နေ့မှာ မြန်မာ့ လက်ရှိ တရား စီရင်ရေး စနစ် အတွင်း လာဘ်ပေး လာဘ်ယူမှုတွေ ရှိနေတာ၊ မမျှတ မှုတွေ ဖြစ်နေ တာကို ပြည်သူ့ လွှတ်တော် အမတ်တွေ အဓိက ဆွေးနွေး ခဲ့ကြ ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်း ကလည်း ဒုတိယ နေ့မှာ ဆွေးနွေးခဲ့

ကန်ပက်လက်က ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် သူရ ဦးအောင်ကို တင်သွင်း ခဲ့တဲ့ တရား စီရင်ရေး မဏ္ဍိုင် ဖြောင့်မတ် ကြံ့ခိုင် စေရေး ဝိုင်းဝန်း ကူညီ ထောက်မ ပေး ဆိုတဲ့ အဆိုကို လွှတ်တော် အမတ်တွေ က အထောက် အထားတွေနဲ့ တင်ပြ ဆွေးနွေး ခဲ့ကြ တယ်လို့ ကိုယ်တိုင် ပါလီမန်ထဲ မှာ သတင်း ရယူထားတဲ့ နေပြည်တော်ရောက် ဘီဘီစီ သတင်းထောက် ကိုချိုက ပြောပါတယ်။

တရားလွှတ်တော် ရှေ့နေ လည်းဖြစ် သင်္ဃန်းကျွန်း မြို့နယ် လွှတ်တော် အမတ်လည်း ဖြစ်တဲ့ ဦးသိန်းညွန့်က တရားရုံး တွေမှာ တင်ထားတဲ့ ဆိုင်းဘုတ် တွေမှာ ရေးထား တာက တခြား၊ လုပ်နေတာက တခြား ဖြစ်နေ တယ်လို့ တင်ပြ ဆွေးနွေး သွားခဲ့ ပါတယ်။

အင်းတော် မဲဆန္ဒနယ်က အမတ် ဖြစ်သူ ဦးကျော်နိုင်ဌေး ကလည်း တရားရေး စနစ်မှာ လာဘ်ပေး လာဘ်ယူ ကိစ္စ အမြစ် တွယ်နေပေမဲ့ တရားသူကြီး တွေနဲ့ ရှေ့နေတွေ ဖြောင့်မတ် မှန်ကန်ဖို့ လိုတယ်လို့ ထောက်ပြ ဆွေးနွေး သွားခဲ့ ပါတယ်။

ပြည်ထောင်စု လွှတ်တော် မှာတော့ ထူးထူး ခြားခြား ဆွေးနွေးမှုတွေ မရှိခဲ့ပေမဲ့ သမ္မတက သဝဏ်လွှာတွေ ပေးပို့ပြီး မြန်မာ့ ဒီမိုကရေစီရေး လုပ်ဆောင်မှု တွေကို ရှင်းပြခဲ့တယ်လို့ သတင်းထောက် ကိုချိုက ပြောပါတယ်။

အင်္ဂါနေ့က လွှတ်တော်တွင်းမှာ အခုလို ဆွေးနွေးမှုတွေ ရှိခဲ့ကြ ပေမဲ့ မကြာသေးခင်က ပြုလုပ် ခဲ့တဲ့ ကြားဖြတ် ရွေးကောက်ပွဲ အနိုင်ရ အန်အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကအနိုင်ရ အမတ်တွေ ကတော့ ကျမ်း သစ္စာ ကျိန်ဆိုမယ့် စကားလုံး သုံး အနှုန်း ပြင်ဆင်ရေး ကိစ္စ ညှိနှိုင်းမှုတွေ မပြီးပြတ် သေးတဲ့ အတွက် လွှတ်တော် တွင်းကို ရောက် မလာကြ သေး ပါဘူး။

ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်ကတော့ အခြေခံ ဥပဒေ အပါအဝင် ပြဌာန်း ဥပဒေတွေကို ပြင်ဆင် နိုင်ဖို့အတွက် အန်အယ်လ်ဒီ အမတ်တွေ လွှတ်တော်တွင်းကို အရင် လာပြီး လွှတ်တော်တွင်းက နေသာ လုပ်ဆောင် နိုင်မယ်၊ အခြေခံ ဥပဒေကို ပြည်ထောင်စု လွှတ်တော် ကသာ ပြင်ဆင်နိုင်တယ်လို့ ပြောပါတယ်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အခန်း ၁၂ မှာ ပါတဲ့ အတိုင်း လွှတ်တော် အမတ် ၂၀ ရာခိုင်နှုန်းရှိရမယ်၊ လောလောဆယ်မှာ အဲဒီလောက် မရှိတဲ့ အတွက် ပြင်ဆင်နိုင်ရေးမှာ အခက်အခဲ ရှိနိုင်တယ် ဒါပေမယ့် လွှတ်တော်တွင်မှာ ပါတီပေါင်းစုံနဲ့ ညှိနှိုင်းပြီး အပြန်အလှန် နားလည်မှု ရယူ ဆောင်ရွက်နိုင်အောင် ကြိုးစား သင့်တယ်လို့ ဦးသိန်းညွန့်က ပြောပါတယ်။