ဖွဲ့စည်းပုံ အခြေခံဉပဒေ ပြင်ဆင်နိုင်

  • 24 ဧပြီ 2012
thein_sein ဓာတ်ပုံ မူပိုင် AP
Image caption သမ္မတ ဦးသိန်းစိန်

သမ္မတ ဦးသိန်းစိန် က ဂျပန်နိုင်ငံမှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ မြန်မာနိုင်ငံ က ပြန်ဆပ်ဖို့ ရှိတဲ့ ချေးငွေ ကို ဂျပန် အစိုးရ က လျှော်ပစ် သလို နောက်ထပ် ထောက်ပံ့ငွေ ထုတ်ချေးမယ့် အပြင်၊ အိုဒီအေ ခေါ် ပင်လယ်ရပ်ခြား ထောက်ပံ့ငွေ ပေးမယ့် အစီအစဉ် တွေ နဲ့ ပတ်သက်ပြီး ဂျပန် အစိုးရ ကို အထူးကျေးဇူး တင်ကြောင်း ပြောကြားသွားပါတယ်။

သတင်းထောက်တွေ မေးတဲ့ မေးခွန်းတွေ အနက်၊ ဒေါ်အောင်ဆန်းစုကြည် နဲ့ အစိုးရ အကြား ဆက်ဆံရေး ပြေလည်မှု ရှိမရှိ မေးရာမှာ ဦးသိန်းစိန် က မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု ရှိဖို့၊ ပြည်သူ သန်း ၆ဝ အကျိုးရှိမယ့် ကိစ္စတွေ မှာ ဒေါ်အောင်ဆန်းစုကြည် နဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ ရှိနေပြီ ဖြစ်ကြောင်း ဖြေကြားသွားပါတယ်။

ဖွဲ့စည်းပုံ အခြေခံ ဉပဒေ ကို ဒေါ်အောင်ဆန်းစုကြည် နဲ့ NLD ဘက် က ပြင်ဆင်လိုတဲ့ ကိစ္စ မျှော်မှန်းထားလို့ ဒါဟာ ဖြစ်နိုင်ပါ့ မလား ဆိုတဲ့ မေးခွန်း ကို ဦးသိန်းစိန် က ဖြေကြားရာမှာ မူလ ကတည်းက ဖွဲ့စည်းပုံ အခြေခံ ဉပဒေ မှာ ပြင်ဆင်လို့ရတဲ့ ဉပဒေ ကို ထည့်သွင်းပြီးသား ရှိတဲ့ အတွက် ပြင်ဆင်နိုင်ကြောင်း ပြောသွားပါတယ်။ နှစ်ဘက် အကြားမှာ သဘောထား ကွဲပြားတာတွေ ရှိပေမယ့်၊ ညှိနှိုင်း ဆောင်ရွက်လို့ ရနိုင်မယ့် အကြောင်း ဦးသိန်းစိန် က ရှင်းပြပါတယ်။

မြန်မာနိုင်ငံသား တွေ ဆင်းရဲနွမ်းပါးမှု က ကင်းလွတ်စေဖို့ အတွက် တိုင်းပြည်စီးပွားရေး မြှင့်တင် နိုင်ဖို့ အရေးကြီးကြောင်း ပြောယင်း၊ ဂျပန် ဘက်က ရနိုင်မယ့် ခေတ်မီ နည်းပညာ အကူအညီ၊ အလုပ်ရုံ စက်ရုံ တွေ ဖွင့်ခွင့် ရလာမယ်ဆိုရင် ပြည်သူတွေ အနေနဲ့ ဝင်ငွေ တွေ ရလာနိုင်မယ့် အကြောင်း၊ ဒါကြောင့် မို့ အချိန်မဆွဲပဲ လုပ်ကိုင် ဆောင်ရွက်နေတဲ့ အကြောင်းတွေ ဦးသိန်းစိန် က သတင်းထောက်တွေ ကို ရှင်းပြသွားပါတယ်။