သုံးခွမှာ သောက်သုံးရေ ပြတ်

  • 24 ဧပြီ 2012
water
Image caption သုံးခွမှာ သောက်ရေ ပြတ်နေ

ဒီနှစ်နွေရာသီမှာ အပူချိန် သာမန်ထက်လွန်ကဲ တာကြောင့် နွေရာသီ စဝင်ချိန်ကကို ရန်ကုန် တိုင်း သုံးခွ မြို့နယ်ထဲက တချို့ ရွာတွေမှာ သောက်သုံးရေ ပြတ်လပ်မှုနဲ့ ကြုံနေရပါတယ်။

သုံးခွ အရှေ့ပိုင်းက ကျေးရွာ လေးဆယ်ကျော်မှာ ရှိတဲ့ သောက်သုံး ရေကန်တွေဟာ အပူရှိန် မြင့်ပြီး မိုးလည်း မလာသေးတဲ့အတွက် ကန်ထဲက ရေ တွေ ခမ်းခြောက်လာပြီး ဒေသခံတွေ သောက် သုံးရေ အခက် ကြုံနေရပါတယ်။

ရေလုံးဝခမ်းသွားတဲ့ ရွာတွေက အနီးတဝိုက်က ရေလုံးလုံး မခမ်းသေးတဲ့ ရွာတွေကို မော် တော် ဆိုင်ကယ်တွေနဲ့ သွားပြီး ရေခပ် သုံးစွဲနေရတယ်လို့ သုံးခွ မြို့ခံ ဆရာတော် တပါးက ဘီဘီစီကို ပြောပြပါတယ်။

သောက်ရေကန် လုံးဝ ခမ်းသွားတဲ့ ကျေးရွာ စုစုပေါင်း ဆယ့်ငါးရွာလောက် ရှိသွားပါပြီ။

တချို့ ငွေတတ်နိုင်တဲ့ ရွာတွေမတော့ အဝီစိတွင်းတွေ ရှိတာမို့ သောက်ရေ ပြတ်လပ်တဲ့ အနီးတဝိုက်က ရွာတွေက အဲဒိ ရွာတွေထိ သောက်ရေ သွားခပ်ကြရပါတယ်။

တချို့လည်း ရွာနဲ့ မလှမ်းမကမ်းက ပင်လယ် ကမ်းစပ်မှာ လက်ယက်တွင်းတွေ တူးပြီး ရသလောက် စစ်ယူနေကြရပါတယ်။

သုံးခွတင်မက မြန်မာ နိုင်ငံ တဝှမ်းက နေရာ အတော် များများမှာ နွေရာသီ ရောက်ရင် ရေ ပြတ်လပ်မှုဟာ နှစ်စဉ် ကြုံတွေ့ရတဲ့ အခက်အခဲ တခု ဖြစ်ပေမယ့် ကာယကံရှင်တွေက ကိုယ့်အခက်အခဲ ကိုယ့်ဘာသာ ရှင်းနေရတာ ဓမ္မတာဖြစ်နေပြီမို့ ဘယ်သူကမှ သတိ မပြု မိကြဘူးလို့ သုံးခွ မြို့နယ်ထဲက ရွာသား တယောက်က ဘီဘီစီကို ပြောပြပါတယ်။

သုံးခွ မြို့နယ် အရှေ့ဘက်ခြမ်းက မုတ္တမ ပင်လယ်ကွေးနဲ့ နီးတော့ သုံးရေအတွက် မပူရ ပေမယ့် ရေရှည် ခုလို ပူနေမယ် ဆိုရင် သောက်ရေ အတွက် စိုးရိမ်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လောလောဆယ် တသီး ပုဂ္ဂလ အလှုရှင်တွေနဲ့ တခြား လူမှုရေး အဖွဲ့တွေက သောက်ရေ အခက်အခဲ ကြုံနေသူတွေကို ကိုယ်တိုင် ကိုယ်ကျ သွားရောက် အကူအညီ ပေးနေတယ်လို့ သတင်း ရရှိပါတယ်။