မြစ်ကြီးနားမှာ ဗုံးပေါက်ကွဲ၊ လူ ၃ ဦး ဒဏ်ရာရ

  • 25 ဧပြီ 2012
Image caption ဒါဟာ ကေအိုင်အေရဲ့ လက်ချက် ဖြစ်လောက် တယ်လို့ အများပြည်သူတွေ ပြောဆိုနေ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ပြည်သူ့ ဆေးရုံကြီးထောင့်မှာ ဗုဒ္ဓဟူးနေ့ မနက် အစောပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားလို့ လူ ၃ ဦးဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

မနက် ရ နာရီခွဲ လောက်မှာ ဖြစ်ပွားခဲ့တဲ့ ဒီဗုံးပေါက်ကွဲခဲ့မှုကြောင့် လမ်းသွားလမ်းလာ ၃ ဦး ဒဏ်ရာ ရရှိသွားကြတာ ဖြစ်တယ်လို့ ဒေသခံတစ်ယောက်က ပြောပြပါတယ်။ ဒါပေမယ့်လည်း ဒဏ်ရာ ရသူ တွေဟာ ဒီသုံးဦး အပြင် ဆိုင်ကယ်နဲ့ ဖြတ်သွားတဲ့ လူတစ်ဦးလည်း ပါတယ်လို့ တချို့က ပြောဆိုကြတာ ရှိပါတယ်။

အခုပေါက်ကွဲတဲ့ ဗုံးဟာ ဘယ်လို ဗုံးအမျိုးအစား ဆိုတာ မသိရသေးသလို၊ ဘယ်သူဘယ်ဝါရဲ့ လက်ချက်ဆိုတာကိုလည်း မသိရသေးပါဘူး။ ဒီပေါက်ကွဲမှု ကိစ္စနဲ့ မြစ်ကြီးနားရဲစခန်းကို ဘီဘီစီက ဆက်သွယ် မေးမြန်းပေမယ့် ရဲစခန်းကလည်း ဖြေဆိုချင်း မရှိခဲ့ပါ။

အများပြည်သူ ကတော့ ဒါဟာ ကချင်လက်နက်ကိုင် ကေအိုင်အေရဲ့ လက်ချက် ဖြစ်နိုင် တယ်လို့ ပြောဆို သုံးသပ်နေကြပါတယ်။ ဒီပြောဆိုစွပ်စွဲမှုနဲ့ ပက်သက်ပြီး ကေအိုင်အေရဲ့ သဘောထားကို မေးမြန်းဖို့ ကေအိုင်အေ တာဝန်ရှိသူတွေကို ဆက်သွယ် ပေမယ့်လည်း ဆက်သွယ်လို့ မရခဲ့ပါ။

အစိုးရစစ်တပ်နဲ့ ကေအိုင်အေ လက်နက်ကိုင် တပ်ဖွဲ့တို့ ပြီးခဲ့တဲ့နှစ် ဇွန်လက စပြီး ပစ်ခတ်မှုတွေ ရှိလာခဲ့တဲ့ နောက်ပိုင်း အခုချိန်ထိ မြစ်ကြီးနားမြို့ အနီးတဝိုက်မှာ ဒီလို ဗုံးပေါက်ကွဲမှုမျိုး မကြာခဏ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြစ်ကြီးနားမြို့တဝိုက်မှာဆို ၁၀ ကြိမ် နီးပါးလောက် ရှိပြီလို့ ဆိုကြပါတယ်။ ဒါပေမယ့် အရင်က ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုကတော့ များသောအားဖြင့် ညပိုင်းမှာ ဖြစ်လေ့ဖြစ်ထ ရှိပြီး အခုလို ဒဏ်ရာ ရရှိတဲ့ လူတွေလည်း မရှိဘူးလို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

အဲဒီ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့ နေရာကို အာဏာပိုင်တွေက လုံခြုံရေးအရ မဝင်ရ နယ်မြေ သတ်မှတ်ထားပြီး ကြိုးနဲ့ ဝန်းရံထားတယ်လို့ သိရပါတယ်။