ထိုင်းနယ်စပ်က ဒုက္ခသည် စခန်းမှာ ဆန္ဒပြ

  • 25 ဧပြီ 2012
thai burma
Image caption နို့ဖိုး ဒုက္ခသည် စခန်းက ဆန္ဒပြပွဲ

ထိုင်း မြန်မာ နယ်စပ် မဲဆောက် တောင်ဘက်က နို့ဖိုးဒုက္ခသည်စခန်းမှာ ဒုက္ခသည်နှစ်ရာလောက် ဗုဒ္ဓဟူးနေ့က ဆန္ဒ ပြခဲ့ကြပါတယ်။

ဆန္ဒပြတဲ့သူ နှစ်ရာလောက်ဟာ နိုင်ငံရေးနဲ့ စစ် ရေး လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့သူတွေ ဖြစ်ပါ တယ်။

သူတို့ထဲက တချို့ဟာ ဒုက္ခသည်အဖြစ် လျှောက် ထားတာ ဆယ်နှစ် ကျော်ပြီ ဖြစ်ပေမယ့် ဒုက္ခ သည် အဖြစ် အသိအမှတ်ပြု မခံရသေးသလို လွန်ခဲ့ ၁၅ နှစ်ကျော်ကနေ ကနေ့ထိ ဒုက္ခသည် အဖြစ် အသိအမှတ်ပြု ခံရပြီးတော့ တတိယ နိုင်ငံတွေကို သွားပြီး အခြေချခွင့် ဆိုင်ငံ့ခံထား ရသူတွေ စုပြီး ဗုဒ္ဓဟူးနေ့ မနက်က နို့ဖိုး ဒုက္ခသည် စခန်းက ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာ မင်းကြီးရုံးရှေ့မှာ ဆန္ဒ ပြခဲ့ပါတယ်။

ဒုက္ခသည် အဖြစ် အသိအမှတ်ပြု ခံရဖို့ အတွက် လျှောက်ထားဆဲ ဒုက္ခသည်တွေကိုလည်း ထိုင်းအစိုးရက ဆိုင်းငံ့ထားတာ ၃ နှစ်ကျော် ရှိသွားပြီ ဖြစ်ပြီး တတိယ နိုင်ငံ ထွက်ဖို့ အတွက် ဒုက္ခသည် တချို့ကိုလည်း ဆိုင်းငံ့ခံထားရတဲ့ အတွက် UNHCR နဲ့ ထိုင်းအစိုးရကို သိအောင် ငြိမ်းချမ်းစွာ ဆန္ဒ ထုတ်ဖေါ်တာ ဖြစ်တယ်လို့ ဆန္ဒလာပြသူ တယောက်ဖြစ်တဲ့ ကိုမျိုးမင်း အောင်က ပြောပါတယ်။

ဒုက္ခသည်တွေရဲ့ တောင်းဆိုချက်တွေကို UNHCR က တာဝန် ရှိသူတွေက လက်ခံယူပြီး သူ တို့ရဲ့ အထက် အဆင့်နဲ့ ထိုင်းအာဏာပိုင်တွေဆီကို တင်ပြပေးမယ်လို့ ပြောပါတယ်။

ဒါပေမယ့် ဒုက္ခသည် အဖြစ် အသိအမှတ်ပြု ခံရဖို့က Provincial Administration Board လို့ခေါ်တဲ့ တာခ်ခရိုင်က ဒုက္ခသည် စီစစ် အသိအမှတ်ပြုရေး ဘုတ်အဖွဲ့ပေါ် မူတည် ပြီးတော့ တတိယ နိုင်ငံတွေ သွားရရေးကလည်း အိမ်ရှင် နိုင်ငံတွေပေါ် မူတည်တယ်လို့ မဲဆောက် UNHCR ရုံးက အရာရှိ တယောက်က ဘီဘီစီကို ပြောပါတယ်။

ဒီလို ဆန္ဒ ပြကြတာကလည်း ပြီးခဲ့တဲ့ အပတ်တုံးက မြ၀တီခရိုင် အုပ်ချုပ်ရေးမှူး ဦးဆောင် တဲ့ အဖွဲ့ဟာ ဒီကေဘီအေရဲ့ ဆုံဆည်းမြိုင်ရွာမှာ အုန်းပြန့် ဒုက္ခသည်တွေကို ပြန်လည် နေရာ ချထားပေးဖို့နဲ့ နို့ဖိုး ဒုက္ခသည် တွေကိုတော့ နို့ဖိုး ဒုက္ခသည်စခန်းနဲ့ မျက်နှာချင်းဆိုင် မြန်မာ ဖက်က စူးကလိ မြို့နယ်ခွဲမှာ ပြန်လည် နေရာ ချထားပေးဖို့ စီစဉ်နေတယ်လို့ သတင်းတွေ ထွက်ပြီးနောက်ပိုင်းမှာ ဆန္ဒပြကြတာ ဖြစ်ပါတယ်။

၁၉၉၆ ခုနှစ်က စတင် တည်ထောင်ခဲ့တဲ့ နို့ဖိုး ဒုက္ခသည် စခန်းမှာ မြန်မာ နိုင်ငံက စစ်ဖြစ်တဲ့ ဒေသက လူတွေ နိုင်ငံရေး၊ စစ်ရေးမှာ ပါ၀င်သူတွေနဲ့ အိုးအိမ်နဲ့ သူတို့ရွာတွေကို စွန့်ပြီး ထွက်ပြေးလာသူ ဒုက္ခသည်မဟုတ်ပဲ တတိယ နိုင်ငံတွေကို သွားချင်သူတွေလို့ ယူဆရသူတွေ စုစုပေါင်း တသောင်းကျော်လောက်လက်ရှိ နေထိုင်နေတယ်လို့ တာခ်ခရိုင်က ထိုင်းအာဏာ ပိုင်တွေ စာရင်းအရ သိရပါတယ်။

အဲဒီထဲက နယ်စပ်က စစ်ပြေး ဒုက္ခသည်တွေ၊ နိုင်ငံရေးနဲ့ စစ်ရေး လှုပ်ရှားသူတွေ အတော် များများ သြစတေးလျ၊ နယူးဇီလန်၊ အမေရိကန်၊ ကနေဒါနဲ့ ဥရောပ နိုင်ငံတွေကို သွားပြီး အခြေ ချသူတွေလည်း ထောင်နဲ့ချီ ရှိတယ်လို့ UNHCRနဲ့ ဒုက္ခသည်တွေကို ပြောင်းရွှေ့ နေရာ ချထားပေးတဲ့ အိုင်အိုအမ် အဖွဲ့ စာရင်းတွေ အရ သိရပါတယ်။