ကျမ်းကျိန်လွှာ စာသား ပြင်ရေးက နိုင်ငံရေး ပြဿနာ မဟုတ်လို့ ဒေါ်စုပြော

  • 26 ဧပြီ 2012

ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ အမတ်တွေ ကျမ်းသစ္စာ ကျိန်ဆိုရာမှာ ပါဝင်တဲ့ စကားအသုံး အနှုန်း မပြင်နိုင် သေးတဲ့ ကိစ္စဟာ နည်းနာပိုင်း ပြဿနာသာ ဖြစ်ပြီး နိုင်ငံရေး ပြဿနာ အဖြစ် မယူဆ ကြောင်း ဒေါ်အောင်ဆန်း စုကြည်က ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption အီတလီ နိုင်ငံခြားရေး ဝန်ကြီးနဲ့ ပူးတွဲ သတင်းစာ ရှင်းခဲ့

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က အီတလီ နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ဂျူလီယို တာဇိ (Giulio Terzi) နဲ့ ကြာသပတေးနေ့ မနက်က တွေ့ဆုံ အပြီး ပူးတွဲ သတင်းစာ ရှင်းလင်းပွဲမှာ အခုလို ပြောခဲ့တာပါ။

ဒီကိစ္စဟာ အန်အယ်လ်ဒီ အမတ်တွေ လွှတ်တော် မတက်နိုင် ကြသေးတဲ့ အကြောင်းရင်း ဖြစ်ပါတယ်။

အဲဒီ သတင်းစာ ရှင်းလင်းပွဲ မှာပဲ NLD အနေနဲ့ သမ္မတ ဦးသိန်းစိန် အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက် သွားမယ်လို့ ဒေါ်အောင်ဆန်း စုကြည်က ပြောပါတယ်။

လွှတ်တော်အတွင်း ဝင်ရောက်ရေးဟာ သိပ်မကြာခင် အခက်အခဲ မရှိဘဲ ပြေပြေ လည်လည် ဖြစ်သွားမယ် လို့ သူမျှော်လင့်ကြောင်း လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

NLD ပါတီအနေနဲ့ ပြီးခဲ့တဲ့ နှစ် ၂၀ အတွင်း ဆောင်ရွက်ခဲ့တဲ့ လွှတ်တော်ပြင်ပ လုပ်ငန်းတွေ နဲ့သာမက လွှတ်တော်တွင်း ဝင်ရောက်ပြီး ပြည်သူတွေ အတွက် အလုပ် အကျွေးပြု သွားနိုင်မယ် လို့ မျှော်လင့်တဲ့ အကြောင်း ဒေါ်အောင်ဆန်း စုကြည်က ပြောပါတယ်။

လောလောဆယ် လွှတ်တော်ထဲကို ရောက်နှင့် နေကြပြီးသား တိုင်းရင်းသား အမတ်တွေနဲ့ တခြား ပါတီတွေက လွှတ်တော် အမတ်တွေ ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီ အမတ်တွေ ကို လွှတ်တော်တွင်း လာဖို့ တိုက်တွန်း နေကြပါတယ်။

တသီး ပုဂ္ဂလတွေ၊ တိုင်းရင်းသား ပါတီတွေ နဲ့ ဒီမိုကရေစီ ပါတီတွေ ပါဝင်တဲ့ ပါတီပေါင်း ၁၄ ပါတီ က ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းကို ဧပြီ ၂၅ ရက်နေ့က သဘောထား ပေးပို့ ထားပြီး ဒေါ်အောင်ဆန်း စုကြည်ကိုလည်း ၂၈ ရက်နေ့ နောက်ဆုံး ထား လူကိုယ်တိုင် သွားပေးဖို့ များတယ်လို့ RNDP ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီဥက္ကဌ ဒေါက်တာ အေးမောင်က ပြောပါတယ်။

ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီ ဘက်က သဘောထား ကြီးဖို့လည်း အရေးကြီးတယ်လို့ ဒေါက်တာ အေးမောင်က ပြောပါတယ်။ သူတို့ အခုလို သဘောထား တင်ပြခဲ့တာဟာ လက်ရှိ အခြေ အနေ အထိ ဖြစ်လာခဲ့ပြီးသား အခြေ အနေ တွေ အလဟဿ ဖြစ်မသွားရ လေအောင် ရည်ရွယ် တာလို့ ဆိုပါတယ်။