KIO ဌာနချုပ် စစ်တပ်ဝိုင်း

  • 27 ဧပြီ 2012
_kia_guns_
Image caption ကေအိုင်အေ နဲ့ မြန်မာတပ် တိုက်ပွဲ ပြင်းထန်

အခု ရက်ပိုင်းအတွင်းမှာ ကချင်ပြည်နယ် လွတ်လပ်ရေး အဖွဲ့ ကေအိုင်အို ရဲ့ ဗဟိုဌာနချုပ် လိုင်ဇာ အနီးတဝိုက်မှာ အစိုးရ စစ်တပ်တွေက လက်နက်ခဲယမ်း နဲ့ တပ်အင်အားတွေ တိုးချဲ့ ပြီး ချဉ်းကပ်မှု ပြုလာတယ် လို့ ကြားရပါတယ်။ အရင် က အစိုးရတပ်တွေက လိုင်ဇာနဲ့ ၁ဝ မိုင် အကွာ မှာ ရှိပေမယ့် အခု ၄ မိုင် ၅ မိုင် အကွာအဝေး မှာ ချဉ်းကပ် နေရာယူနေပြီ ဖြစ်ကြောင်း ကေအိုင်အေ တာဝန်ခံ က ဘီဘီစီ ကို ပြောပါတယ်။

အစိုးရတပ်တွေ လိုင်ဇာ ဌာနချုပ် နဲ့ နီးကပ်လာတာနဲ့ အမျှ တိုက်ပွဲတွေ လည်းပြင်းထန် လာပါတယ်။ ပြီးခဲ့တဲ့ ရက်က ဆိုရင် လိုင်ဇာ ဌာနချုပ် အဝင်လမ်းက လဂျားယန် အနီးမှာ ပစ်ခတ်မှု တွေ ရှိခဲ့ပါတယ်။ လဂျားယန် ကနေ လိုင်ဇာ သွားရင် ကားနဲ့ဆို၊ ၁၅ မိနစ် ပဲ ကွာတဲ့ ခရီးပါ။ ဒါ့အပြင် ကေအိုင်အေ လှုပ်ရှားတဲ့ နမ့်ဆန်ယန်၊ နားလုံ နဲ့ ဆိုင်မိုင် ဘက်မှာ တိုက်ပွဲ တွေ ပြင်းထန်ကြောင်း ကေအိုင်အေ မှ တာဝန်ခံ တဉီးက ဘီဘီစီ ကို ရှင်းပြပါတယ်။

အစိုးရ စစ်တပ်တွေ ဟာလည်း အခု တပတ်၊ နှစ်ပတ် အတွင်းမှာ စစ်အင်အား၊ လက်နက်ခဲယမ်း နဲ့ ရိက္ခာ တွေ ကို နယ်မြေ အဖက်ဖက် ကနေ ပို့ဆောင်ပေး နေတာပါ။ လက်နက်ကြီးတွေ ကို ဆိုရင် လေကြောင်းနဲ့ ပို့ဆောင်နေပြီး တပ်အင်အား ကိုတော့ မြစ်ကြီးနား ဗန်းမော် ကားလမ်း၊ မြစ်ကြီးနား လိုင်ဇာ ကားလမ်း ကနေ ပို့ဆောင်နေတါပါ။

ပြီးခဲ့တဲ့ သီတင်းပတ် ကလည်း မိုးမောက်မြို့နယ် လွယ်ဂျယ်ဘက် ကနေ မဂျာယန် နဲ့ လိုင်ဇာ ဘက်ကို စစ်ကားတွေ အများအပြား ဝင်လာတါ တွေ့ ရကြောင်း လွယ်ဂျယ် ဒေသခံ တွေက ဘီဘီစီ ကို ပြောပါတယ်။ အဲဒီ အတွက် ဒေသ အတွင်း တိုက်ပွဲတွေ ပြင်းထန်လာဖို့ ရှိနေလို့ ဒေသခံတွေ စိုးရိမ် ပူပန်နေကြပါတယ်။